ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ၏ အနောက်ဘက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုကို AA အဖွဲ့အင်အား ၆၀ ခန့်က တိုက်ခိုက်ခဲ့သည့်အတွက် စစ်သည်အချို့ ဒဏ်ရာရရှိ

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ၏ အနောက်ဘက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုကို AA အဖွဲ့အင်အား ၆၀ ခန့်က တိုက်ခိုက်ခဲ့သည့်အတွက် စစ်သည်အချို့ ဒဏ်ရာရရှိ
Published 3 November 2019

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ၏ အနောက်ဘက် ငါးမိုင်ခန့်အကွာတွင်ရှိသော အောင်မြတ်ကျော်ရွာဘေးမှ ဖြတ်သွားနေသည့် တပ်မတော်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်တွင် AA အဖွဲ့ အင်အား ၆၀ ခန့်က အောင်မြတ်ကျော် ရွာထဲမှထွက်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်သည်အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရဲ့အနောက်ဘက် ငါးမိုင်လောက်အကွာမှာ အောင်မြတ်ကျော်ဆိုတဲ့ရွာရှိတယ်။ အဲဒီရွာရဲ့ဘေးကနေပြီးတော့ ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းတစ်ခု ဖြတ်သွားတယ်။ တပ်မတော်စစ်ကြောင်းတစ်ခု ဖြတ်သွားတဲ့အချိန်မှာ ရွာထဲကနေ AA ၆၀ လောက် ထွက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ ကျွန်တော်တို့ဆီက စစ်သည်အချို့ အနည်းငယ် ဒဏ်ရာရရှိသွားတယ်။ ဟိုဘက်ကတော့ ရွာသားတွေ ဒဏ်ရာရရှိမှုတော့ မရှိပါဘူး” ဟု အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် တရားဝင်စာရွက်စာတမ်းဖြင့် နွားများတင်ဆောင်လာသော ကားတစ်စီးကို သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ရှမ်းမြောက်ဘက်မှာတော့ ကျောက်မဲမှာ တပ်ကုန်းကနေ မူဆယ်ကို တရားဝင်စာရွက်စာတမ်းနဲ့ နွားသယ်ဆောင်ပြီးမောင်းတဲ့ မော်တော်ယာဉ်တစ်စီးကို ကျွန်တော်တို့ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇ ချောင်းချောက်ကျေးရွာ အနီးမှာတော့ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ ယာဉ်မောင်း သေဆုံးပြီးတော့ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်။ အဲဒီယာဉ်မောင်းနဲ့ ဒဏ်ရာရရှိသူတွေကိုတော့ တပ်ကပဲ ဆေးရုံလိုက်ပို့လိုက်တယ်။ ကုမ္ပဏီကတော့ ပုလဲရွှေဝါကုမ္ပဏီလို့ ပြောတယ်။ တပ်ကုန်းက ကုမ္ပဏီတော့ ဟုတ်ချင်မှဟုတ်မှာပါ။ တပ်ကုန်းကနေ မူဆယ်ကိုသွားတာ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ လေးဦးအနက် ယာဉ်မောင်းသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ နွားအကောင်ရေ ၂၀ အနက် ငါးကောင်သေဆုံးပြီး တစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent