နှစ်စဉ် အနာကြီးရောဂါ လူနာသစ် ၂၀၀၀ ခန့်ရှိနေ၍ လူနာအသစ်တွေ့ရှိမှုများသော ရပ်ကွက်ကျေးရွာများသို့ သွားရောက်ပြီး လူနာသစ်ရှာဖွေခြင်းကို တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ဖြစ်ပွားနှုန်းသည် ၂၀၁၈ ခုနှစ် စာရင်းအရ လူဦးရေ ၁၀၀၀ လျှင် ၀ ဒသမ ၃၉ ဦးသာ ရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ်အနာကြီးရောဂါ လူနာသစ် ၂၀၀၀ ခန့် ရှိနေသောကြောင့် အနာကြီးရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အနာကြီးရောဂါ ဆေးစားပျက်ကွက် သူလူနာများကို တွေ့ရှိနေရ၍ မည်သည့်အကြောင်းများကြောင့် သတ်မှတ်ကာလအပြည့် ဆေးသောက်ခြင်း မရှိသည်ကို သိရှိနိုင်ရန် အသုံးချ သုတေသန ပြုလုပ်ရန် လိုအပ်လျက် ရှိကြောင်းလည်း သိရသည်။
မတ္တရာမြို့နယ်ရှိ ခုတင် ၇၀၀ ဆံ့ ရေနံ့သာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးအား ပြန်လည် သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) အဖြစ် တိုးချဲ့မွမ်းမံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း “မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) မိတ်ဆက်ပွဲ” အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
“ကမ္ဘာ့ကျန်းမာရေး ညီလာခံက ကြေညာချက်တွေ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေ ၂၀၁၅၊ မသန်စွမ်းသူများဆိုင်ရာ နည်းဥပဒေများ ၂၀၁၇ နဲ့ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂၀၁၆- ၂၀၂၅) တို့နဲ့အညီ ပြန်လည်သန်စွမ်းရေး လုပ်ငန်းတွေကို ဝန်ကြီးဌာနက အားဖြည့်ဆောင်ရွက်နေပါတယ်။ ပြန်လည်သန်စွမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းက မသန်စွမ်းသူ တစ်ဦးကိုလူမှုဘဝနဲ့ နေထိုင်မှု အဆင့်အတန်း မြင့်မားစေခြင်း၊ ပညာရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ မြင့်မားစေခြင်းနဲ့ စိတ်ဓာတ်ခွန်အား တိုးမြှင့်စေခြင်း စတဲ့အကျိုးများစွာ ရရှိစေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ မတ္တရာမြို့နယ်ရှိ ခုတင် ရဝဝဆံ့ ရေနံ့သာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးကို ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) အဖြစ်တိုးချဲ့မွမ်းမံ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်သန်စွမ်းရေးဆိုင်ရာ အထူးပြုသူနာပြု ဒီပလိုမာ ကိုးလသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြား ပေးသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အနာကြီးရောဂါ တိုက်ဖျက်ရေး ရည်မှန်းချက်ဖြစ်သော လူဦးရေ တစ်သောင်းတွင် ရောဂါဖြစ်ပွားသူ တစ်ဦးထက် နည်းပါးခဲ့ပြီးနောက် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
အနာကြီးရောဂါသည် လွယ်ကူစွာ မကူးစက်နိုင်ဘဲ ရောဂါဖြစ်ပွားပါကလည်း စောစီးစွာကုသမှု ခံယူခြင်းဖြင့် ရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့မှုများ မဖြစ်ပွားတော့ ဘဲပျောက်ကင်းကြောင်း၊ ပြည်သူများ သိရှိနိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၁၀၀၀၀ တွင် ရောဂါဖြစ်ပွားသူ တစ်ဦးထက် နည်းပါးကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနာကြီးရောဂါ တိုက်ဖျက်ရေး ရည်မှန်းချက် ပြည့်မီပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
အနာကြီးရောဂါ ကုသဆေးဖြစ်သည့် MDT ဆေးပေါင်းအား ၂၀၀၀ ပြည့်နှစ်မှစ၍ Novartis ဆေးကုမ္ပဏီက ပံ့ပိုးလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် အနာကြီးရောဂါသည် လူတစ်ဦးနှင့်တစ်ဦး ခဏတာ ကာလအတွင်း မကူးစက်နိုင်သကဲ့သို့ စောစီးစွာ သိရှိ၍ ကုသမှုခံယူပါက ပျောက်ကင်းသည့်ရောဂါ ဖြစ်သော်လည်း လူနာများနှင့် မိသားစု အသိုင်းအဝိုင်းသည် ရှက်ရွံ့မှုများနှင့် ကြောက်ရွံ့မှုကြောင့် စောစီးစွာ အချိန်မီ ကုသမှု ခံယူနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။















