ချာကာကို အသင်းခေါင်းဆောင်ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေပြီး ၎င်းကိုဝေဖန်သည့် Post တစ်ခုကို လာကာဇက် Like ပေးခဲ့

ချာကာကို အသင်းခေါင်းဆောင်ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေပြီး ၎င်းကိုဝေဖန်သည့် Post တစ်ခုကို လာကာဇက် Like ပေးခဲ့
Published 29 October 2019

 

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်၌ လူစားလဲခံရချိန်တွင် အာဆင်နယ်အသင်းပရိသတ်များ၏ ပြန်လည်လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် အသင်းခေါင်းဆောင် ချာကာအား အသင်းခေါင်းဆောင်လက်ပတ် ပြန်လည်ရုပ်သိမ်းရန် ပရိသတ်အချို့က တောင်းဆိုနေကြ ပြီး ချာကာကို ဝေဖန်ထားသည့် Post တစ်ခုကိုလည်း အာဆင်နယ်အသင်းဖော် တိုက်စစ်မှူး လာကာဇက်က Like ပေးပြီး ထောက်ခံခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ယင်းပွဲစဉ်တွင် ပွဲချိန် (၁၀) မိနစ်မပြည့်မီသွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ပွဲချိန် (၁)နာရီမပြည့်မီမှာပင် ချေပဂိုးများပေးခဲ့ရသည်။ 

ယင်းအတွက်ကြောင့် အသင်းနည်းပြ အူနိုင်းအမ်မရီက တိုက်စစ်မြှင့်တင်ရန် ချာကာနေရာတွင် ဆာကာနှင့် လူစားလဲခဲ့ရာ ချာကာသည် အသင်းသရေကျနေချိန်တွင် ကွင်းအတွင်းမှ လမ်းလျှောက်ထွက်နေသဖြင့် ပရိသတ်များက ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ 

သူသည် ပွဲချိန်တွင်းတွင်လည်း ပရိသတ်အချို့၏ လှောင်ပြောင်မှုများကို ခံခဲ့ရသည့်အတွက် စိတ်ဆိုးနေရာ ယခုအခြေအနေတွင်မူ ပရိသတ်များကို အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ကြရန် အမူအရာဖြင့် လုပ်ပြခဲ့ခြင်းဖြစ်ပြီး ပရိသတ်အချို့က စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ချာကာသည် မကြာသေးမီကမှ  အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း ပီတစ်၏ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပြီး ပီတစ်က အူနိုင်းအမ်မရီသည် မည်သည့်အကြောင်းပြချက်ဖြင့် ချာကာကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သလဲ ဆိုသည်ကို စဉ်းစား၍မရကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ 

ယခုဖြစ်ရပ်ဖြစ်လာချိန်တွင် အာဆင်နယ်အသင်းပရိသတ်များသည် ချာကာသည် အသင်းခေါင်းဆောင်အဖြစ် ထိုက်တန်သည့်အရည်အသွေးမရှိကြောင်း လူမှုကွန်ရက်မီဒီယာများနှင့် သတင်းမီဒီယာဝက်ဆိုက်များတွင် မှတ်ချက် များရေးသားခဲ့ကြသည်။ 

လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် Instagram တွင်လည်း ပရိသတ်တစ်ဦးက ချာကာကို ဝေဖန်ကာ အာဆင်နယ်အသင်း၏ ပွဲများတွင် ထပ်မံမြင်တွေ့လိုခြင်းမရှိဟု ရေးသားခဲ့ရာ အသင်းဖော်တိုက်စစ် မှူး လာကာဇက်က ယင်း Post ကို Like လုပ်ခဲ့သည်။

 

Most Read

Most Recent