ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ သုံးနှုန်းပြောကြားချက်ကို မြန်မာကန့်ကွက်

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ သုံးနှုန်းပြောကြားချက်ကို မြန်မာကန့်ကွက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေမှုကို တွေ့ရစဉ် (Photo: MOFA)
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေမှုကို တွေ့ရစဉ် (Photo: MOFA)
Published 26 October 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သုံးနှုန်းပြောကြားချက်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး ဖိနှိပ်မှုပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံ ဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေ ခြင်းလည်း မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ၁၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဆိုင်ရာ ဝန်ကြီး အဆင့်ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးအား အောက်တိုဘာ ၂၃ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကာ အဆိုပါမိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်နှင့်ပတ်သက်၍ အထက်ပါအတိုင်း ကန့်ကွက်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးမှု ရရှိစေမည့် ရေရှည်တည်တ့ံသည့် ဖြေရှင်းမှုရှိအောင် ဆောင်ရွက်ရန် အစိုးရအနေဖြင့် အပြည့်အဝ ကတိကဝတ် ထားရှိကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အရေးအကြီးဆုံး ဆောင်ရွက်ရမည့် ကိစ္စရပ်မှာ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေးကို အနှောင့်အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ်သည့် ယန္တရားများနှင့်အညီအတူ တကွဖြေရှင်းရေးပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ အဓိကအတားအဆီးတစ်ခုမှာ ကော့ခ်ဘဇားစခန်းများတွင် နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို မလိုလား သည့် ARSA အကြမ်းဖက်အဖွဲ့နှင့် သဘောထား တင်းမာသည့်အုပ်စုများက ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ARSA အကြမ်းဖက်သမားများ တည်ရှိနေခြင်းကို မျက်ကွယ်မပြုထားသင့်ကြောင်း၊ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝစေရန်အတွက် နေ ရပ်စွန့်ခွာသူများအား အသုံးချကာ ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ခြိမ်းခြောက်မှုများ ရှိနေသော်လည်း နေရပ်စွန့်ခွာသူ ၃၅၀ ကျော်သည် ၎င်းတို့၏အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ နေရပ်သို့ ပြန်လာလိုကြောင်း အတိအလင်းဆန္ဒ ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည့် ဟိန္ဒူ လူမျိုး ၄၄၄ ဦးကို ပြန်လည်ပို့ဆောင်ပေးရန် မြန်မာဘက်က အကြိမ်ကြိမ်ပြောကြားနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့ပေးခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်း၊ မြန်မာနိုင်ငံအတွင်း ရှိ အခြားနေရာများတွင် ကိုးကွယ်မှုအယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟဇာတ မျှတစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး မတူညီသည့် ကိုးကွယ်ယုံကြည်သူများ၏ ဘာသာရေးအဆောက်အအုံများသည်လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ် တည်ရှိနေကြကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသည့် အသိုက်အဝန်းအားလုံး၏ ဒုက္ခကို မြန်မာအစိုးရအနေဖြင့် အထူးစိုးရိမ်ပူပန်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်တို့ တွင် ရဲကင်းစခန်းအများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာ ရခြင်းဖြစ်သည်ကို မျက်ကွယ်မပြုသင့်ကြောင်း  ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent