ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက် အကောင်အထည်ဖော်ရန် ကိုးကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ အစည်းအဝေး၌် မြန်မာဘက်က ထပ်မံအဆိုပြု

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက် အကောင်အထည်ဖော်ရန် ကိုးကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ အစည်းအဝေး၌် မြန်မာဘက်က ထပ်မံအဆိုပြု
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
Published 13 October 2019
နီလာ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၌ ကနဦး စီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက် အကောင်အထည် ဖော်ရန်အတွက် ကိုးကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ အစည်းအဝေး၌ မြန်မာဘက်က ထပ်မံအဆိုပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ထားဝယ် အထူးစီးပွားရေးဇုန်က အကြမ်းဖျင်းအားဖြင့် ကနဦး စီမံကိန်းမှာ စိန်ခေါ်မှုတွေ ရှိနေတယ် ဆိုတာကို   နှစ်ဖက်အစိုးရက အသိအမှတ်ပြုတဲ့ သဘောပေါ့နော်။ အဲဒီ ကနဦး စီမံကိန်းနဲ့ ပင်မစီမံကိန်းကို တစ်ပြိုင်နက် ဆောင်ရွက်ရန် မြန်မာဘက်က ထပ်ပြီး အဆိုပြုလိုက်တယ်။ အဲဒီအတွက် ဆက်ပြီးဆွေးနွေးမယ်။  ထားဝယ် အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာနက ဆောင်ရွက်ထားတာတွေကို အသိအမှတ်ပြုခဲ့တယ်။ နောက်တစ်ခုက SPV နဲ့ပတ်သက်ပြီး သူ့ရဲ့ဖွဲ့စည်းပုံတွေကို နှစ်ဖက်ပြန်လေ့လာမယ်။ သုံးသပ်မယ် ဆိုတာတွေကို သဘောတူခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးကို အောက်တိုဘာ ၃ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်ရေးဝန်ကြီး H.E Saksayam Chidchob တို့ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ် စုစုပေါင်း ၃၆ ဦးနှင့် ထိုင်းနိုင်ငံဘက်မှ ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

ကိုးကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ (JCC) အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကနဦး စီမံကိန်းနှင့်အတူ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည့် ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ကိစ္စရပ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် SPV ၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းပုံ၊ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲအဆင့်မြင့် ကော်မတီ (JHC) ကျင်းပရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မူလသဘောတူညီချက်အရ ကနဦး စီမံကိန်းပြီးမှ ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်သော်လည်း ကနဦးစီမံကိန်းမှာ နှောင့်နှေးနေသည့်အတွက် တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပိုကောင်းမည်ဟု ယူဆကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားခဲ့သည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပူးပေါင်းပြီး စီမံကိန်း ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ယင်းအခြေအနေများအပေါ် နိုင်ငံပိုင် သတင်းစာမှ တာဝန်ရှိသူများက ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် တွေ့ဆုံမေးမြန်းစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် ဧရိယာ ၁၉၆ စတုရန်း ကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်း ကီလိုမီတာ ပါဝင်ကြောင်း သိရသည်။ မူလသဘောတူညီချက်တွင် ကနဦး စီမံကိန်းပြီးမှ ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်သော်လည်း ကနဦးစီမံကိန်းမှာ နှောင့်နှေးနေသဖြင့် ကနဦး စီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပိုပြီးကောင်းမည်ဟု ယူဆကြောင်း ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

Most Read

Most Recent