မြန်မာနိုင်ငံ၌ မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အောက် လျော့ကျနေပြီဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းစင်ကြောင်း ကြေညာနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း အောက်တိုဘာ ၁၀ ရက်က မကွေးမြို့၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
“မြန်မာနိုင်ငံမှာ မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Elimination Criteria for Trachoma သတ်မှတ်ချက်ဖြစ်တဲ့ ကူးစက်မျက်ခမ်းစပ်ဖြစ်ပွားနှုန်း (တစ်နှစ်မှ ကိုးနှစ်အထိကလေးများ) ငါးရာခိုင်နှုန်းအောက်ကို ကျဆင်းရေးနဲ့ မျက်တောင်စိုက် မျက်တောင်မွှေးစူးရောဂါကို ဖြစ်ပွားနှုန်း သုညဒသမ ၁ ရာခိုင်နှုန်းအောက်ကို လျော့ကျစေရေးတို့မှာ ပြည့်မီနေပြီဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ မျက်ခမ်းစပ်ရောဂါကင်းစင်ကြောင်း ကြေညာနိုင်ဖို့အတွက် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားနှုန်း စစ်တမ်းကောက်ယူနိုင်ဖို့ကိုလည်း စီစဉ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယပတ်ကြာသပတေးကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံအားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ စတင်ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအမြင်သန်စွမ်းရေး မျှော်မှန်းချက် အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁၁ ရက်၌ စတင်ချမှတ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အစီအစဉ်၏ အဓိကရည်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်၌ ကာကွယ်ကုသ၍ရသော မျက်စိကွယ်ခြင်းများ ကင်းစင်ပပျောက်စေရန်နှင့် မျက်စိကွယ်နှုန်းကို သုညဒသမ ၅ ရာ ခိုင်နှုန်းအောက် လျော့ကျစေရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါရည်မှန်းချက်များ ပြည့်မီအောင် မြင်စေရန် ၂၀၂၀ ပြည့်နှစ်တွင် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမိစေရန် အတွင်းတိမ်ခွဲစိတ်မှုနှုန်းကို လူတစ်သန်းလျှင် အနည်းဆုံး ၃၀၀၀ အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အတွင်းတိမ်ခွဲစိတ်ရာတွင် မျက်တွင်းမှန်ထည့်သည့်နှုန်း အနည်းဆုံး ရာခိုင်နှုန်း ၉၀ အထိ ပြည့်မီနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနှစ်၏ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ဆောင်ပုဒ်မှာ “အမြင်အာရုံကောင်းစေဖို့ ဦးစားပေးကာ ဆောင်ရွက်စို့” ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက မျက်စိကျန်းမာရေး အမြင်အာရုံကောင်းမွန်စေဖို့ ဦးစားပေးကာ မျက်စိစမ်းသပ်ကြရန်နှင့် လိုအပ်လျှင် ကုသမှုခံယူကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်းလည်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်း ၂၄၆ သန်းနှင့် မျက်စိကွယ်သူပေါင်း ၃၉ သန်းခန့်ရှိရာ ၎င်းတို့၏ ၆၅ ရာခိုင်နှုန်းမှာ အသက် ၅၀ နှစ်နှင့်အထက်ဖြစ်နေသည်ကို တွေ့ရှိရကြောင်းနှင့် အမြင်အာရုံချို့တဲ့သူများ၏ ရာခိုင်နှုန်း ၉၀ သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး ရာခိုင်နှုန်း ၈၀ မှာ ကာကွယ်ကုသ၍ ရရှိနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော အတွင်းတိမ်ခွဲစိတ်မှုနှုန်းသည် လူဦးရေတစ်သန်းလျှင် ၃၀၀၀ သတ်မှတ်ထားရာ ယခုအခါတွင် အတွင်းတိမ် ခွဲစိတ်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်၌ ၂၂၈၀ အထိ တိုးတက်လာပြီဖြစ်ကြောင်းနှင့် ပြည်သူလူထုကို ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု ပိုမိုစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မျက်စိဆရာဝန်များနှင့် မျက်စိကျွမ်းကျင်ဝန်ထမ်းများ ပိုမိုမွေးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။















