နေပြည်တော် ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက တည်ဆောက်ခဲ့သည့် Gym Complex သည် ဘဏ္ဍာနှစ် တစ်နှစ်တည်းဖြင့် တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ဘဏ္ဍာနှစ်လေးနှစ်အတွင်း အဆောက်အအုံ တည်ဆောက်မှုများကို အပိုင်းအလိုက် တင်ဒါခေါ်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
အဆောက်အအုံနှင့် စက်ကိရိယာပစ္စည်း တန်ဖိုး စုစုပေါင်း ကျပ် ၈၅၃ ဒသမ ၈၆၃ သန်း ကုန်ကျခဲ့သည့် Gym Fitness Centre သည် ဘဏ္ဍာနှစ် တစ်နှစ်တည်းဖြင့် တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ အဆောက်အအုံ တည်ဆောက်မှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောင်အအုံပြီးစင်းချိန်အထိ ဘဏ္ဍာနှစ်လေးနှစ်ကြာမြင့်ခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ခဲ့သည့် လုပ်ငန်းများကို တင်ဒါခေါ်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အား ကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်းနှင့် အားကစားရုံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက ပြောကြားသည်။
“ပင်မအဆောက်အအုံရဲ့ အရွယ်အစားကတော့ အလျား ၁၂၀၊ အနံပေ ၆၀ ရှိပြီးတော့ ရှေ့မှာ ၁၂ ပေ အကျယ်အဝန်းရှိတဲ့ ကော်ရစ်ဒါ ရှိပါတယ်။ ဒီအဆောက်အအုံရဲ့ ရှေ့မှာ ၂၄ ပေ ဍ္ဍ ၂၁ ပေ အကျယ်အဝန်းရှိတဲ့ ပေါ်တီခုံရှိပြီး ပေါ်တီခုံနဲ့ အဆောက်အအုံကို လျှောက်လမ်း ၃၄ ပေ၊ ၃၈ ပေ ၉ လက်မအရှည်၊ အကျယ်အဝန်း ၂၄ ပေရှိတဲ့ လျှောက်လမ်းနဲ့ ဆက်သွယ် တည်ဆောက်ထားပါတယ်။ အဆောက်အအုံတစ်ခုလုံးရဲ့ စတုရန်းပေ ကတော့ ၂၇၁၀၂ စတုရန်းပေရှိပါတယ်။ ဒီ အဆောက်အအုံကို ဘဏ္ဍာရေးနှစ် လေးကြိမ်ခွဲပြီးတော့ တည်ဆောက်ခဲ့ရပါတယ်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ စတင်တည် ဆောက်ခဲ့ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ွပGym Fitness Centre သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းဘဏ္ဍာနှစ်တွင် ဖောင်ဒေး ရှင်း တည်ဆောက်ခြင်းအပိုင်းနှင့် RC အပိုင်း များ စတင်တည်ဆောက်ခဲ့ပြီး ကုန်ကျငွေ ကျပ် ၂၅၇ ဒသမ ၆၃၄ သန်း ကုန်ကျခဲ့ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။
ဦးမောင်မောင်စိုးက “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ၄၅ ဒသမ ၇၂၉ သန်း၊ အဲဒီ မှာ ပေါ်တီခုံလုပ်ငန်းတွေ၊ လျှောက်လမ်း လုပ်ငန်းတွေ၊ ဒီအဆောက်အအုံက မြေအနိမ့်အမြင့် ကွာတဲ့အတွက်ကြောင့် မြေထိန်းနံရံ၊ မြေကာနံရံတွေ၊ ပြီးတော့မှ အမိုးတွေ ခေါင်အုပ်တွေ ငြမ်းဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ ငွေကျပ် ၄၅ ဒသမ ၇၂၉ သန်း ကုန်ကျခဲ့ပါတယ်။ အခု ၂၀၁၈ ၆ လ ဘတ်ဂျက်မှာ ဒီအဆေက်အအုံရဲ့ ကွန်ကရစ်ကြမ်းခင်းလုပ်ငန်းတွေ၊ နံရံလုပ်ငန်းတွေ၊ ဆန်းရှိတ်လုပ်ငန်း တွေ၊ ဆေးသုတ်လုပ်ငန်းတွေအပြင် လေ့ကျင့်ရေးကွင်း (၁) ရဲ့ ပတ်လမ်းနဲ့ ပေါ်တီခုံကို ဝင်ထွက်တဲ့ ကွန်ကရစ်လမ်းတွေပါ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ၁၃၅ သန်း ကုန်ကျခဲ့ပါတယ်။ အဲဒီအထိကို စာရင်းစစ်စစ်ဆေးခံပြီးဖြစ်ပါတယ်။ အခု ၂၀၁၈-၂၀၁၉ ၁၂ လ ဘတ်ဂျက်မှာတော့ မျက် နှာကြက်လုပ်ငန်းတွေ၊ ကျား-မ သန့်စင်ခန်း တွေ၊ မိလ္လာကန် အဆောက်အအုံတွေ၊ ပြင်ပ ရေသွယ်ခြင်းလုပ်ငန်းတွေ၊ ရေလှောင်ကန် တွေ၊ ရေစင်တွေ၊ ရေစက်အိမ်တွေနဲ့ လျှပ်စစ် မီးသွယ်တန်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါ တယ်။ ဒီဟာကိုလည်းပဲ ကျွန်တော် တို့က တင်ဒါခေါ်ယူပြီးတော့မှ တည်ဆောက် ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ငွေကျပ် ၁၄၅ ဒသမ ၅ သန်း ကုန်ကျခဲ့ပါတယ်။ အဲဒီတော့ အဆောက်အအုံတစ်ခုလုံးကို ပြန်ပြောရရင် တော့ အဆောက်အအုံအပြင် Infrastructure တွေအပါအဝင် ငွေကျပ် ၈၅၃ ဒသမ ၈၆၃ သန်းကုန်ကျခဲ့ပါတယ်” ဟု ပြောကြားသည်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ အတွင်းတွင် အားကစားလေ့ကျင့်ရေးခန်းမ ကို Gym Fitness Centre ကို တည်ဆောက်ထားခြင်းဖြစ်ပြီး Gym Fitness Centre သည် သုံးထပ်အဆောက်အအုံဖြစ်ကြောင်း ဦးမောင် မောင်စိုးက ပြောကြားသည်။
“ကျွန်တော်တို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှာ စတဲ့အချိန်တုန်းက Earth wave ကုမ္ပဏီနဲ့ စတင်ဆောက်လုပ်ခဲ့ပါတယ်။ နောက်တစ်ခါ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာတော့ ဦးစသန်းဦး တည်ဆောက်ရေးလုပ်ငန်း အဖွဲ့နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့ သဇင် ငြိမ်းကုမ္ပဏီနဲ့ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉၊ ၁၂ လ ဘတ်ဂျက်မှာလည်း သဇင်ငြိမ်းကုမ္ပဏီကပဲ တင်ဒါအောင်တဲ့အတွက်ကြောင့် သဇင်ငြိမ်းကုမ္ပဏီကပဲ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ (အပြင်မှာ သတင်းတွေထွက် နေသလို ဝန်ကြီးသားနဲ့ပတ်သက်မှုရှိနေတယ် ဆိုတာ ဟုတ်ပါသလား)။ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြောချင်ပါတယ်” ဟု ဦးမောင် မောင်စိုးက ပြောကြားသည်။
Gym စက်တွေ ဝယ်ယူခြင်းနဲ့ ပတ်သက်ပြီးတော့ စျေးများနေသည်ဆိုသည့် ဝေဖန်မှုများနှင့်ပတ်သက်၍ ဘာများပြောချင်ပါသလဲ ဆိုသည့်မေးမြန်းမှုကို “အဲဒါကလည်း ဘတ်ဂျက်မှာ ငွေလုံးရယ်၊ စက်ပစ္စည်းရယ်ဆိုပြီး ပါတယ်။ ပါလာတဲ့ စက်ပစ္စည်းဆိုတာကို သတင်းစာထဲမှာ တင်ဒါထည့်ခေါ်လိုက်တယ်။ သတင်းစာထဲမှာ တင်ဒါခေါ်ပြီးတော့ ပစ္စည်းအမျိုးအမည်နဲ့ အရေအတွက်ကို ကြေ ညာပေးလိုက်ပြီးတော့ တင်ဒါပြိုင်တဲ့လူတွေ ဆီကနေမှ ပြန်ပြီးတော့ ယှဉ်ပြိုင်ပြီးတော့ စိစစ်ပြီးတော့မှ ပြန်လည်ရွေးချယ်တာဖြစ်ပါတယ်။ ပြင်ပပုဂ္ဂလိကနဲ့ သီးခြားဝယ်တာ မရှိပါဘူး။ တင်ဒါ စနစ်နဲ့ပဲ ဆောင်ရွက်ခဲ့တာပါ” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ အတွင်းတွင် အားကစားလေ့ကျင့်ရေးခန်းမ Gym Fitness Centre တွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများသည် ဘတ်ဂျက်လျာထား၍ တင်ဒါခေါ်ယူကာ နှစ်အလိုက်ဝယ်ယူထားပြီး Gold Camp ထဲတွင် လက်ရွေးစင်အားကစားသမားကို လေ့ကျင့်စေသည့် စက်ပစ္စည်းများ ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြား သည်။
ဦးမောင်မောင်စိုးက “ဒါတွေထဲကနေ ရွေးချယ်ပြီးတော့ ပြည်သူတွေနဲ့ သင့်တော်မယ့် စက်ပစ္စည်းတွေကို ဒီဘက်ကို ပြန်ရွှေ့ပြီး တော့ ထားခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းကနေ သီးခြားဝယ်ထားတာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။















