မြန်မာနိုင်ငံလေကြောင်းဦးစီးဌာနက မြန်မာ့လေကြောင်းပိုင်နက်အတွင်း နိုင်ငံတကာလေကြောင်းလမ်း ၂၀ ခု၊ ပြည်တွင်းလေကြောင်းလမ်း ၃၆ ခုဖြင့် လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေ

မြန်မာနိုင်ငံလေကြောင်းဦးစီးဌာနက မြန်မာ့လေကြောင်းပိုင်နက်အတွင်း နိုင်ငံတကာလေကြောင်းလမ်း ၂၀ ခု၊ ပြည်တွင်းလေကြောင်းလမ်း ၃၆ ခုဖြင့် လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေ
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်
Published 11 October 2019
                               ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံ လေကြောင်းဦးစီးဌာနက မြန်မာ့လေကြောင်းပိုင်နက်အတွင်း နိုင်ငံတကာလေကြောင်းလမ်း ၂၀ ခု၊ ပြည်တွင်းလေကြောင်းလမ်း ၃၆ ခုဖြင့် လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာ့လေကြောင်းပိုင်နက်တွင် ဖြတ်ကျော်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ လေယာဉ်များအတွက် နိုင်ငံတကာလေကြောင်းလမ်း International Airways ၂၀ ခုကို လေကြောင်းထိန်းသိမ်းရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလေဆိပ်များသို့ ခရီးသည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့်  ပြည်တွင်းလေကြောင်းလိုင်းလေယာဉ်များ ဘေးအန္တရာယ်ကင်းဝေးစွာနှင့် လုံခြုံစိတ်ချစွာ ပျံသန်းသွားလာနိုင်ရန် ပြည်တွင်းလေကြောင်းလမ်း Domestic Airways ၃၆ ခုကို လေကြောင်းထိန်းသိမ်းရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ နိုင်ငံတကာလေကြောင်းလမ်း International Airways ၂၀၊ ပြည်တွင်းလေကြောင်းလမ်း Domestic Airways ၃၆ ခုနဲ့ လေကြောင်းထိန်းလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လေကြောင်းထိန်းသိမ်းရေးလုပ်ငန်း၌ ရေဒါအသုံးပြုထိန်းသိမ်းရေးစနစ်ကို ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ဗဟိုလေကြောင်းထိန်းစခန်း၌ တပ်ဆင်အသုံးပြုခဲ့သည့် Alenia SSR Radar တစ်လုံး၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ တပ်ဆင်အသုံးပြုခဲ့သည့် Alenia SSR Radar တစ်လုံးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး လေကြောင်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင် မြန်မာနိုင်ငံလေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ်ကို ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံကိန်းမှာ နှစ်နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်မည်ဖြစ်ပြီး အဆိုပါစနစ်ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ် ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA တို့သည် ဧပြီလကုန်ပိုင်းက လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစနစ်ကို JICA ၏ Grand Aid အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် Final Minutes of Discussion (MD) between DCA and JICA Head Quarter ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ Exchange of Note (E/N) အား ၁၀.၄.၂၀၁၉ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည့် Grand Agreement (G/A) ကို ၂၉.၄.၂၀၁၉ တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ ရေဒါစနစ်တပ်ဆင်ပေးပြီး Radar Control ဖြင့် လေကြောင်းထိန်းသိမ်းရေး ဝန်ဆောင်မှုပေးရာတွင် ရေဒါဖမ်းယူနိုင်သည့် ဧရိယာအတွင်းရှိ လေယာဉ်၏ တည်နေရာကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ခြင်း၊ ပုံရိပ်ဖော်စနစ်၏ တွက်ချက်မှုအရ ဘေးအန္တရာယ်ကြိုတင် သတိပေး အချက်အလက်များ ရရှိနိုင်ခြင်း၊ ပုံရိပ်ဖော်စနစ်၏ တွက်ချက်မှုအရ တစ်စင်းအကွာအဝေးကို မိုင် ၃၀ အထိ လျှော့ချပေးနိုင်သဖြင့် လေယာဉ်ခရီးစဉ် ကြာမြင့်ချိန် လျှော့ချပေးခြင်းရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးရေဒါတို့ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်အတက်အဆင်း လှုပ်ရှားမှုများကို FL 150 တွင် မတွေ့မြင်နိုင်၍ ရန်ကုန် ဗဟိုလေကြောင်းထိန်းသိမ်းရေး စခန်းအနေဖြင့် ထိန်းသိမ်းကိုင်တွယ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

JICA Grand Aid Project ဖြင့် နေပြည်တော်တွင် ရေဒါတပ်ဆင်ပြီးပါက လေကြောင်းထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

                  

 

Most Read

Most Recent