ဘောလုံးလောကမှ အနားယူကြောင်း ဂျာမနီကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါကြေညာ

ဘောလုံးလောကမှ အနားယူကြောင်း ဂျာမနီကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါကြေညာ
Photo: Bl.UEFA
Photo: Bl.UEFA
Published 8 October 2019

အမေရိကန်မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းတွင်ကစားနေသည့် ဂျာမနီလက်ရွေးစင်ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါ (၃၅ နှစ်) သည် ဘောလုံးလောကမှ အနားယူကြောင်းကြေညာခဲ့သည်။

 

ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သူ ရှဝိန်းစတိုင်ဂါသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ဘိုင်ယန်မြူးနစ်၊ မန်ယူအသင်းများတွင်ကစားခဲ့ပြီး ဘွန်ဒစ်လီဂါချန်ပီယံဆု (၈)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်၊ ဂျာမန်ဖလား (၇)ကြိမ်နှင့် FA ဖလား (၁)ကြိမ်တို့အပါအဝင် ဆုဖလားအလုံး (၂၀)အထိရယူနိုင်ခဲ့သူဖြစ်သည်။

အနားယူခြင်းနှင့်ပတ်သက်ပြီး ရှဝိန်းစတိုင်ဂါက '' အားလုံးကိုနှုတ်ဆက်ကြောင်းပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အနာဂတ်ကိုတွေးထားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့စိန်ခေါ်မှုအသစ်တွေကို စောင့်မျှော်နေပါတယ်။ ဘောလုံးဟာကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ကျွန်တော်တို့နဲ့အတူ အချိန်တိုင်းအတူရှိပေးခဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ခင်ဗျားတို့အားလုံးကို ကျွန်တော့်နှလုံးသားထဲမှာ အမြဲသိမ်းထားမှာပါ'' ဟုပြောကြားခဲ့သည်။

ရှဝိန်းစတိုင်ဂါအနားယူပြီးနောက် နာမည်ကြီးကစားသမားများကလည်း နှုတ်ဆက်ဂုဏ်ပြုစကားများဆိုခဲ့ကြပြီး လက်ရှိဂျာမနီလက်ရွေးစင်အသင်း၏နည်းပြဖြစ်သူ ယော်ကင်လိုးက ''သူ (ရှဝိန်းစတိုင်ဂါ)ဟာ ဂျာမနီဘောလုံးသမားတွေထဲ ဂုဏ်သိက္ခာကြီးမားတဲ့ ကစားသမားတစ်ဦးပါပဲ" ဟုချီးကျူးခဲ့သည်။

ရှဝိန်းစတိုင်ဂါသည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၂၁)ပွဲကစားကာ၊ (၂၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

 

Most Read

Most Recent