မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ ပူးပေါင်းပြီး MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေနီဘူတာသို့ ကွန်တိန်နာရထား စတင်ပြေးဆွဲ

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ ပူးပေါင်းပြီး MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေနီဘူတာသို့ ကွန်တိန်နာရထား စတင်ပြေးဆွဲ
Published 7 October 2019
ရွှန်းလဲ့ဝင်း

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ပူးပေါင်းပြီး သံလျင်မြို့နယ် သီလဝါဘူတာအနီးရှိ သီလဝါရှိ MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီဘူတာသို့ ကွန်တိန်နာတွဲများဖြင့် ကွန်တိန်နာရထားကို အောက်တိုဘာ ၃ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ နှစ်ဦးသဘောတူ စာချုပ်အရ ယခုကဲ့သို့ ကွန်တိန်နာရထားပြေးဆွဲခြင်းဖြစ်ပြီး သီလဝါ MITT ဆိပ်ကမ်းနှင့် ရေနီဘူတာမှ ၂၁၅ ဒသမ ၇၅ မိုင်ကွာဝေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သီလဝါဘူတာအနီးရှိ MITT ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောကြီးများမှ ချယူသည့် ကုန်သေတ္တာများကို မီးရထားတွဲများပေါ်သို့ တိုက်ရိုက်တင်ဆောင်ပြီး ကုန်သေတ္တာတွဲပေါင်း ၂၇ တွဲဖြင့် ရထားပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်သေတ္တာရထားအား မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများအသုံးပြု၍ ပြေးဆွဲခြင်းဖြစ်ပြီး ရထားတစ်စင်းလျှင် တန်ချိန် ၁၄၀၀ ပါရှိကာ အစုန်အဆန် ကွန်တိန်နာတွဲများဖြင့် ပြေးဆွဲခြင်းဖြစ်သည်ဟု သိရသည်။

“အသွားကုန် အပြန်ကုန် ကွန်တိန်နာတွဲတွေဖြစ်ပြီး ကုန်ကြမ်းယူ ကုန်ချောပို့စနစ်နဲ့ သီလဝါ-ရေနီကွန်တိန်နာရထားပြေးဆွဲတာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ဒဂုံအရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်းနှစ်ခုအား တည်ဆောက်ထားပြီးဖြစ်သည်။

အဆိုပါကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ်ဖြင့် KM Terminal & Logistics Limited နှင့် Resource Group Logistics CO. Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းကုန်းတွင်းဆိပ်နှစ်ခုသည် ဧက ၄၀ စီရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာ ၁၁  ရက်တွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်းတွင်းဆိပ်ကမ်းများအား မန္တလေးရှိ မြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းနှင့် ချိတ်ဆက်၍ ကုန်သေတ္တာရထားတွဲများ ပြေးဆွဲနေခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် သီလဝါအထူးစီးပွားရေးဇုန် စတင်ဖွင့်လှစ်ချိန်မှစတင်ကာ၂၀၁၉ စက်တင်ဘာ ၁ ရက်အထိ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီပေါင်း ၁၁၃ ခုကို ကုန်သွယ်ခွင့်ပါမစ်ထုတ်ပေးနိုင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၇၆ ခုက လုပ်ငန်းတွေ စတင်လည်ပတ်နေပြီဖြစ်ကာ စုစုပေါင်းရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိရှိနေပြီဖြစ်ကြောင်း Myanmar Japan Thilawa Development ကုမ္ပဏီလီမီတက်မှ သတင်းရရှိသည်။

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားပြီး တိုယိုတာမော်တော်ကားကုမ္ပဏီက အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း သီလဝါတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maryuama က ပြောကြားထားသည်။

 

 

Most Read

Most Recent