လက်နက်ကိုင်ပဋိပက္ခအချို့ရှိသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီး

လက်နက်ကိုင်ပဋိပက္ခအချို့ရှိသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီး
Published 7 October 2019
ဉာဏ်လင်းထွန်း

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် မြို့နယ်အချို့ရှိရာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကောက်ယူမှု ပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

စက်တင်ဘာအတွင်း ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြို့နယ်အချို့ ၌ မဲစာရင်းကောက်ယူမှု အနည်းငယ်အခက် အခဲဖြစ်ခဲ့သော်လည်း စက်တင်ဘာလကုန်တွင် အပြီးကောက်ယူနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။

“စက်တင်ဘာလကုန်မှာ ပြီးရမယ်လို့ ကျွန်တော်တို့ကို သတ်မှတ်ပေးထားတယ်လေ။ အဲဒီမှာ ပြီးအောင်ကြိုးစားပြီး လုပ်ကြတော့ ပြီးသွားပါပြီ”ဟု ၎င်းက ဆိုသည်။

ကောက်ယူပြီးစီးသည့် မဲဆန္ဒရှင်စာရင်းအရ ရှမ်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင်သုံးသန်းလေးသိန်း (၃၄ သိန်း) ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ နှင့် နှိုင်းယှဉ်ပါက သုံးသိန်းကျော် တိုးလာနိုင်ကြောင်း ဦးထင်ကျော်က ပြောကြားသည်။

“မဲစာရင်းက ၃၄ သိန်းနဲ့ ၇ သောင်း ကျော်ရှိတယ်။ ၂၀၁၅ မဲစာရင်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် သုံးသိန်းကျော်လေးသိန်းနီးပါးလောက် တိုးလာမယ်လို့ ယူဆရတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိ ကောက်ယူပြီးစီးသည့် မဲစာရင်းတွင် တပ်မတော်မဲစာရင်းပါဝင်ခြင်း မရှိသေးဘဲ တပ်မတော်မဲစာရင်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်မံညွှန်ကြားသည့်အချိန်မှ ကောက်ခံသွားမည်ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။

“တပ်မတော်က သိတဲ့အတိုင်း ရှေ့တန်းထွက်သွားလိုက်၊ အကြောင်းတစ်ခုခုနဲ့ ဝင်လိုက် ထွက်လိုက်နဲ့ဆိုတော့ သူ့အင်အားက မတည်ငြိမ်သေးတော့ အခုကတည်းက ကောက်ထားလည်း Update လုပ်လို့မရသေးတော့ UEC ကညွှန်ကြားတဲ့အချိန်မှ ယူလိုက် တာအကောင်းဆုံးပေါ့”ဟု ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တပ်မတော်မဲစာရင်း သည် ကိုးသောင်းကျော်ရှိခဲ့သည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တပ်မတော်နှင့် အေအေအဖွဲ့ တိုက်ပွဲဖြစ်ပွားမှု များရှိနေသော်လည်း လက်ရှိတွင် ၂၀၂၀ ရွေး ကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီးပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင် မည်မျှရှိသည်ကို လတ်တလော မပြောကြားနိုင်သေးကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

“အားလုံးပြီးသွားပါပြီ။ ဘယ်လောက်ရှိလဲဆိုတာကိုတော့ လောလောဆယ် ပြောလို့ မရသေးဘူး။ ပြည်ထောင်စုကော်မရှင်ကို တော့ တင်ထားတယ်"ဟု ၎င်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ၂၀၁၉ ခု နှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်၍ ဇူလိုင်မှ စက်တင်ဘာအထိ မဲစာရင်းကောက်ယူမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

မဲစာရင်းကောက်ယူပြုစုခြင်းကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့ခွဲများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပေးသည့်  မြို့နယ်အတွင်း နေထိုင်သူစာရင်းကို လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြန်လည်စိစစ်ကာ အဆိုပါစိစစ်ထားသည့် လူဦးရေစာရင်းအပေါ် အခြေခံ၍ တိုင်းဒေသကြီး နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်းပြုစုခြင်းဖြစ်သည်။

“စက်တင်ဘာကုန်မှာ စာရင်းချုပ်တယ်။ အကြမ်းပေါ့။ ပြီးရင် လစဉ် အတိုးအလျှော့ Update လုပ်သွားမယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် စံငါးချက် (လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အ များယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေး) နှင့် အညီ ဆောင်ရွက်ကြရန် မှာကြားထားသည်။

၂၀၁၉ ခုနှစ်အတွင်း ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရန် မရှိတော့ဘဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

                                                  

 

Most Read

Most Recent