ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များအပြင် အခြား တတိယနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ဖိတ်ခေါ်သွားမည်ဟု သိရ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များအပြင် အခြား တတိယနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ဖိတ်ခေါ်သွားမည်ဟု သိရ
ထားဝယ် အထူးစီးပွားရေးဇုန် တစ်နေရာကို ယခင်နှစ်များက တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ် အထူးစီးပွားရေးဇုန် တစ်နေရာကို ယခင်နှစ်များက တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်)
Published 5 October 2019
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် မြန်မာနှင့်ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များအပြင် အခြားတတိယနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း   ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်အကောင် အထည်ဖော်ရာတွင် ကနဦးစီမံကိန်းတွင် အီတာလျံ-ထိုင်းကုမ္ပဏီကို ပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သကဲ့သို့ စီမံကိန်းတစ်ခုလုံး အကောင်အထည်ဖော်ရာတွင်လည်း ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံမှ ပြည်တွင်းလုပ်ငန်းရှင်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်မည့်အပြင် အခြားတတိယနိုင်ငံများမှ ရင်းနှီးမြှုပ်လိုသူများကိုပါ ဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး  မြန်မာ-ထိုင်း ဆွေးနွေးထားကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မူလသဘောတူညီချက်အရ ကနဦးစီမံကိန်းပြီးမှ ပင်မစီမံကိန်းအကောင်အထည်ဖော်ရန်ဖြစ်သော်လည်း ကနဦးစီမံကိန်းမှာ နှောင့်နှေးနေသည့်အတွက် တစ်ပြိုင်နက်တည်းအကောင်အထည်ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပိုကောင်းမည်ဟု ယူဆကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု  ကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာမြင့်ဆန်းက ပြီးခဲ့သည့်သြဂုတ်လအတွင်းက နိုင်ငံပိုင်သတင်းစာနှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာ၊ထိုင်း၊ ဂျပန်သုံးနိုင်ငံပူးပေါင်းပြီး စီမံကိန်းပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယင်းအခြေအနေများ အပေါ် နိုင်ငံပိုင်သတင်းစာမှတာဝန်ရှိသူများ က ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့် ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာ မြင့်ဆန်းနှင့်တွေ့ဆုံမေးမြန်းစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တစ်ခုလုံးတွင် ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာ ရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလို မီတာပါဝင်ကြောင်း သိရသည်။ မူလသ ဘောတူညီချက်တွင် ကနဦးစီမံကိန်းပြီးမှ ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်သော်လည်း ကနဦးစီမံကိန်းမှာ နှောင့်နှေးနေသဖြင့် ကနဦးစီမံကိန်းနှင့်ပင်မစီမံကိန်းကို တစ်ပြိုင်နက်တည်းအကောင်အထည်ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပို ပြီးကောင်းမည်ဟု ယူဆကြောင်း ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအတွင်း ပါဝင်သည့် နှစ်လမ်းသွားကားလမ်းသည် မြန်မာအစိုးရမှတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အထူးသ ဖြင့် ထိုင်းနိုင်ငံက ချေးငွေယူပြီးတည်ဆော က်မည်ဖြစ်ကြောင်း၊ ယင်းလမ်းသည် ယခင်က အီတာလျံထိုင်းက မြေသားကားလမ်း တည်ဆောက်ပြီးသားဖြစ်ကာ ၁၃၈ ကီလိုမီ တာအရှည်ရှိကာ ထိုင်းနယ်စပ်မှ ထားဝယ် အထူးစီးပွားရေးဇုန်အထိဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံကုန် ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“တကယ် ကုန်နိုင်ခြေရှိမရှိ၊လမ်းလုံခြုံ စိတ်ချရမှု၊ လမ်းဒီဇိုင်းဒါတွေကို ကွင်းဆင်းလေ့လာဖို့ ထိုင်းဘက်က ငွေချေးမယ့်အဖွဲ့ ဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုး တက်ရေးကူညီပေးရေးအေဂျင်စီ(NEDA) က ကွင်းဆင်းလေ့လာနေပါတယ်။ စက်တင်ဘာလကုန်မှာ သူတို့ရဲ့ကွင်းဆင်းလေ့လာမှု ပြီးပါမယ်” ဟုထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာမြင့်ဆန်းက ပြောကြားထားသည်။

Most Read

Most Recent