ဧရာဝတီတိုင်းဒေသကြီး၌ မဲဆန္ဒရှင်စာရင်းပြုစုမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိခဲ့

ဧရာဝတီတိုင်းဒေသကြီး၌ မဲဆန္ဒရှင်စာရင်းပြုစုမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိခဲ့
Published 3 October 2019
အောင်ကျော်မျိုး(ဟင်္သာတ)

ဧရာဝတီတိုင်းဒေသကြီး၌ မဲဆန္ဒရှင် စာရင်းပြုစုမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၌ မဲဆန္ဒရှင် စာရင်းပြုစုရာတွင် စက်တင်ဘာလကုန်အထိ စာရင်းအရ ဟင်္သာတခရိုင်မှလွဲ၍ ကျန်ခရိုင်များ၌ ပြီးစီးမှုမရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“ပုသိမ်ခရိုင်နဲ့ လပွတ္တာခရိုင်ကတော့ အခြေအနေဆိုးနေတာပေ့ါ။ ဟင်္သာတခရိုင်ကတော့ ပြီးပါပြီ။ မအူပင်ခရိုင်လည်း မကြာခင်ပြီးတော့မှာ။ ဖျာပုံခရိုင်လည်း သိပ်မကြာခင်ပြီးတော့မှာ။ ဖျာပုံတစ်မြို့ပဲ နည်းနည်းလေး ကျန်နေတာ။ ကျန်တဲ့မြို့တွေကပြီးသွားပြီ။ မြောင်းမြခရိုင်ကျတော့ မြောင်းမြတစ်ခု။ ၈၀၀၀ လောက်ကျန်နေသေးတယ်။ သိပ်အများကြီးတော့မဟုတ်ပါဘူး။ ကျန်တာတွေကတော့ အပြီးသတ်လေးတွေ လုပ်နေတယ်။ အဆိုးကြီးလို့ ပြောလို့မရဘူး။ ပုသိမ်ခရိုင်နဲ့ လပွတ္တာခရိုင်လွဲရင် ကျန်တဲ့ခရိုင်တွေက ကောင်းတယ်လို့ ပြောရမှာပါ။ ပြီးနိုင်ပါတယ်။ ကြိုးစားလုပ်နေတယ်။ ရက်ပိုင်းပဲ ပြီးတော့မှာပါ။ ပုသိမ်ခရိုင်နဲ့ လပွတ္တာခရိုင်ကတော့ ကျန်ခဲ့မှာပေ့ါ။ အောက်တိုဘာ ၁၅ ရက်လောက်ဆို ပြီးနိုင်ခြေရှိတယ်လို့ ကျွန်တော်တို့ တွက်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

လူဦးရေစာရင်းကောက်ယူမှုကို ၂၀၁၉ ခုနှစ် ဇွန်တွင် စတင်ရမည်ဟု သတ်မှတ်ထားသော်လည်း စီမံချက်ဆိုင်ရာ အခက်အခဲများကြောင့် တစ်လခွဲခန့်ကြာနောက်ကျပြီးမှ လက်တွေ့မြေပြင်၌ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“ထွေအုပ်က ဦးဆောင်ပြီးလူဦးရေစာရင်းကောက်တယ်။ ပြီးရင် လဝကကို စိစစ်ဖို့ပေးရတယ်။ အားလုံးပြီးတဲ့အခါကျမှ ကော်မရှင်ကိုရောက်တယ်။ အဲဒီအခါကျမှကော်မရှင်က မဲဆန္ဒရှင်စာရင်းကို ရိုက်တယ်ဆိုတော့ အဲဒီလိုအဆင့်တွေရှိတာပေ့ါ။ စီမံချက်ကတော့ သိပ်ကောင်းတယ်ဗျ။ ဒါပေမဲ့လက်တွေ့လုပ်တဲ့အခါမှာ ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်။ မဖြစ်ဘူးတော့မဟုတ်ပါဘူး။ အခက်အခဲတွေရှိတယ်။ ဇွန်မှာ စမယ်ဆိုပေမဲ့ မစနိုင်ဘူး။ ဇူလိုင် တစ်ဝက်လောက်မှ စနိုင်တယ်။ အဲဒီတော့ စတာနောက်ကျတယ်။ စက်တင်ဘာမှာ အပြီးလို့ စီမံချက်မှာရေးထားတယ်။ တကယ် ပြောရရင် သြဂုတ်ထဲကျမှ မဲဆန္ဒရှင်စာရင်းရိုက်တဲ့ လုပ်ငန်းကိုစတာဗျ။ ကျွန်တော်တို့မှာက ကွန်ပျူတာကလည်း မရှိဘူး။ လူကလည်း မရှိဘူး။ ကော်မရှင်က အာဏာမရှိဘူး။ အုပ်ချုပ်ရေးကို တင်ပြပြီးတော့ အုပ်ချုပ်ရေးကစီမံပေးလို့ ကွန်ပျူတာတို့၊ လူတို့ရတာ။ သူများကို အမှီပြုပြီးလုပ်ရတာ။ ဇွတ်တရွတ်ကြီး မင်းဘယ်လောက်ပြီးအောင်လုပ်ရမယ်လုပ်လို့ ဘယ်ဖြစ်မလဲ။ အဲဒါတွေကြောင့် နောက်ကျသွားတာ” ဟု ဦးအောင်မြင့်က သုံးသပ် ပြောကြားသည်။

လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ သုံးလတာကာလအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါကောက်ယူရရှိသည့်စာရင်းမှ မဲဆန္ဒရှင်စာရင်း ထုတ်နုတ်ပြုစုခြင်းကို ၂၀၁၉ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ လေးလတာကာလအတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent