တပ်မတော်စွမ်းရည် အဆင့်ကျခြင်း မကျခြင်းထက် Standard Army ဖြစ်ရေးအတွက် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

တပ်မတော်စွမ်းရည် အဆင့်ကျခြင်း မကျခြင်းထက် Standard Army ဖြစ်ရေးအတွက် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 3 October 2019
မင်းနိုင်စိုး

မြန်မာ့တပ်မတော်စွမ်းရည် အဆင့်ကျခြင်း မကျခြင်းထက် Standard Army ဖြစ်ရေးအတွက် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Global Firepower (GFP) အဖွဲ့က နိုင်ငံတိုင်း၏ တပ်မတော်များတွင် ပိုင်ဆိုင်ထားသော ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ၏ ပစ်ခတ်နိုင်မှုစွမ်းရည်များ၊ ပိုင်ဆိုင်ထားသော စစ်လက်နက်ပစ္စည်းများ၏ စွမ်းရည်များနှင့် လူ့စွမ်းအားအရင်းအမြစ်များအပေါ် အခြေခံကာ လေ့လာကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံသည် အဆင့် ၃၇ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၃၅ ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက် အဆင့်နှစ်ဆင့် လျော့ကျလာခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်တွင် RFA က သတင်းဖော်ပြသည်။

ခေတ်မီတပ်မတော်ဖြစ်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာစစ်လက်နက်ပစ္စည်းများ တိုးတက်မှုရှိလာရန် ယခင်ကာလကတည်းက အဆင့်ဆင့်ဆောင်ရွက်ခဲ့သော ဖြစ်စဉ်များကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ဓာတ်စည်းကမ်းပိုင်းဆိုင်ရာတွင်လည်း တပ်မတော်က လက်ရှိဆောင်ရွက်နေသော အခြေအနေများကိုလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

“ခေတ်မီတပ်မတော်တစ်ရပ် လုပ်တဲ့အခါမှာ စိတ်ဓာတ်၊ စည်းကမ်းပိုင်း ပြုပြင်ပြောင်းလဲမှု လုပ်ရပါတယ်။ ဒီစိတ်ဓာတ်၊ စည်းကမ်းပိုင်း ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ တပ်မတော်အနေနဲ့ နိုင်ငံတကာ တပ်မတော်များနဲ့အညီ စစ်ရဲ့စည်းကမ်းတွေ လိုက်နာနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဂျီနီဗာကွန်ဗင်းရှင်းလိုဟာမျိုးတွေ လိုက်နာတာမျိုး ဆောင်ရွက်တာတွေ ရှိတယ်။ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းတွေ လိုက်နာနိုင်ဖို့အတွက် ကျွန်တော်တို့သည် တပ်သားသစ် သင်တန်းကနေစပြီးတော့ နောက်ဆုံးနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအထိ ကျွန်တော်တို့က မသင်မနေရဘာသာရပ်အဖြစ် အချိန်တွေ ထည့်သွင်းပြီး သင်ကြားပေးလျက်ရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိရှိနားလည်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အခြေခံသင်တန်းတွေဖြစ်တဲ့ အခြေခံစစ်ခေါင်းဆောင်သင်တန်းတွေ၊ တပ်စုမှူး၊ တပ်ဖွဲ့မှူးသင်တန်းတွေကနေစပြီး အဆင့်မြင့်သင်တန်းဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်းတွေအထိ ကျွန်တော်တို့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာရောက်ပို့ချလျက်ရှိတယ်။ ဒါက ကျွန်တော်တို့ Standard Army ဖြစ်ရေးအတွက် ဘက်ပေါင်းစုံကနေ ပြုပြင်ဆောင်ရွက်နေတာပဲ ဖြစ်တယ်။အဲဒီတော့ ဒီဟာနဲ့ပတ်သက်လို့ အဆင့်ကျခြင်း ၊ မကျခြင်းနဲ့ပတ်သက်လို့ ဝေဖန်ဖို့မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် စစ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ယခုကဲ့သို့သော လေ့လာသုံးသပ်မှုများရှိနေပြီး ထိုသို့ လေ့လာသုံးသပ်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စံနှုန်းသတ်မှတ်ချက်များရှိကာ Global Firepower (GFP) က သုံးသပ်ရာတွင် မည်သည့်ကိစ္စများကို အဓိကထား သုံးသပ်သည်ဆိုသည်ကို ၎င်းအနေဖြင့် သိရှိခြင်း မရှိသော်လည်း စွမ်းရည်နှင့်ပတ်သက်၍ ပုံသေနည်းကျ တစ်ဖက်သတ်ပြောရန် ခက်ခဲကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဲဒီတော့ ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့က တချို့ကလက်နက်ပစ္စည်းချင်း နှိုင်းယှဉ်တာပေါ့။ အဲဒီလို လက်နက်ပစ္စည်းချင်း နှိုင်းယှဉ်တယ်ဆိုရင်တောင်မှပဲ တချို့လက်နက်ပေါ့။ ဥပမာပြောရမယ်ဆိုရင် အမေရိကန်မှာလုပ်တဲ့ M- 16 သေနတ်နဲ့ ရုရှားရဲ့ AK- 47 သေနတ်နဲ့ ဘယ်ကောင်ကောင်းသလဲလို့ ပြောကြတဲ့အခါမှာ အားနည်းချက်၊ အားသာချက်တွေက မတူဘူး။ ပစ်နှုန်းတို့၊ ထိရောက်နိုင်မှု အကွာအဝေးတို့ အဲဒီလိုအားနည်းချက်၊ အားသာချက်တွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ပုံသေနည်းကျ M- 16 သေနတ်က AK- 47 သေနတ်ထက် ကောင်းတယ်လို့ တစ်ဖက်သတ်ပြောလို့မရဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်စွမ်းရည်နှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏နောက်တွင်  မြန်မာနိုင်ငံက စတုတ္ထနေရာတွင် ရှိနေပြီး တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်အင်အားသည် ၄၀၆၀၀၀ ကျော်တွင်ရှိကြောင်း၊ မြေပြင်တိုက်ခိုက်ရေး ကြည်းတပ်များတွင် တိုက်ပွဲဝင်နိုင်သော တင့်ကားအရေအတွက် ၄၃၄ စီး၊ ဘီးပါသော တိုက်ခိုက်ရေးယာဉ်အစီး ၁၃၀၀၊ လက်နက်ကြီး ၁၀၈ ခု၊ ဟာဝိတ်ဇာအမြောက်ကြီး ၁၅၈၂ ခုနှင့် ရော့ကတ်ဒုံးကျည် ၁၁၄ ခု ပိုင်ဆိုင်ထားထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း  RFA က သတင်းဖော်ပြသည်။

ထို့ပြင် ရေတပ်ပိုင်ဆိုင်မှုအနေဖြင့် တိုက်ခိုက်ရေးသင်္ဘောစုစုပေါင်း ၁၅၅ စင်းရှိပြီး ၎င်းတို့အထဲတွင် ဖရီးဂိတ်သင်္ဘောငါးစီးနဲ့ ကင်းလှည့်ရေယာဉ် ၆၅ စင်း ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားမှုကို RFA က သတင်းဖော်ပြခဲ့သည်။

Most Read

Most Recent