ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဘရီးဇစ် သဘောတူညီချက်သစ်အတွက် နောက်ဆုံးအဆိုပြုချက်များအား အောက်တိုဘာ ၂ ရက်တွင် တင်ပြသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂက ထိုအဆိုပြုချက်များအား စိတ်မဝင်စားလျှင် ဗြိတိန်သည် မည်သည့်ထွက်ခွာရေး သဘောတူညီချက်မျှမယူဘဲ ယခုလတွင် ဥရောပသမဂ္ဂမှ ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။
ထိုအဆိုပြုချက်များသည် လက်တွေ့ကျသော အပေးအယူများဖြစ်ကြောင်း ဂျွန်ဆင်က ၎င်း၏ အာဏာရကွန်ဆာဗေးတစ်ပါတီ၏ နှစ်စဉ်ပြုလုပ်နေကျ ညီလာခံ အပိတ်မိန့်ခွန်း၌ ပြောကြားခဲ့ကြောင်း ဒေါင်းနင်းလမ်းရုံးက ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းသည် နောက်ဆုံးကမ်းလှမ်းမှုဖြစ်ပြီး ဂျွန်ဆင်သည် ထွက်ခွာရေးဆိုင်ရာ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဗြိတိန်ကို ဥရောပသမဂ္ဂမှ အောက်တိုဘာ ၃၁ ရက်တွင် ထွက်ခွာမည်ဆိုသောကတိကို တည်လိမ့်မည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂထံမှ တန်ပြန်အဆိုပြုချက်များအား နားထောင်ရန် အချိန် ၁၀ ရက် ရမည်ဖြစ်ပြီး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ အပေးအယူတစ်ခု ရရှိလျှင် အချိန်မီ ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး မရရှိပါကလည်း အသိပေးသွားမည်ဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထွက်ခွာရေးဘက်မှ ဦးဆောင်လှုံ့ဆော်ခဲ့သော ဂျွန်ဆင်သည် ဘရီးဇစ်လုပ်ငန်းစဉ်အား မည်သည့်အခြေအနေတွင်ဖြစ်စေ ယခုလကုန်၌ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောဇူလိုင်တွင် ဝန်ကြီးချုပ်ရာထူးရယူခဲ့ပြီးနောက် ကတိပြုခဲ့သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ထရီဆာမေကဲ့သို့ပင် ဂျွန်ဆင်သည်လည်း အပြင်းအထန် ဆန့်ကျင်သော ဗြိတိန်ပါလီမန်နှင့်အဖွဲ့ဝင်အဖြစ် ဆယ်စုနှစ်လေးခု သက်တမ်းရှိပြီဖြစ်သော ဥရောပသမဂ္ဂမှ ထွက်ခွာရန် ရှုပ်ထွေးသော လုပ်ငန်းစဉ်တို့ကြောင်း ရုန်းကန်နေရသည်။
မေသည်လည်း ဘရပ်ဆဲလ်နှင့်ရရှိထားသော ဘရီးဇစ်သဘောတူညီချက်အား ပါလီမန်တွင် ထောက်ခံမှု ရရှိနိုင်ရန် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ဘဲ ဘရီးဇစ်လုပ်ငန်းစဉ်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။ ဂျွန်ဆင်သည်လည်း ဥပဒေပြုအမတ်များအကြား ဧရာမဆန့်ကျင်ကန့်ကွက်မှုများ ကြုံနေရပြီး ၎င်း၏ ဘရီးဇစ်ဆိုင်ရာ မဟာဗျူဟာအား နှစ်သက်မှုမရှိသောကြောင့် ယခုလအစောပိုင်းတွင် မဲခွဲဆုံးဖြတ်မှု၌ အရေးနိမ့်ခဲ့ရပြီးနောက် ဂျွန်ဆင်သည် အောက်လွှတ်တော်၌ အမတ်နေရာ အနည်းငယ်သာ အသာရထားမှုကိုလည်း ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် ပါလီမန်အား ဆိုင်းငံ့ရန် ဂျွန်ဆင်၏ကြိုးပမ်းမှုသည် ဥပဒေနှင့်မညီဟု ဗြိတိန်တရားရုံးချုပ်က ပြီးခဲ့သောသီတင်းပတ်တွင် ဆုံးဖြတ်ခဲ့သည်။ ပါလီမန်အား ဆိုင်းငံ့ရန် တောင်းဆိုတော့မည်မဟုတ်ကြောင်း ဂျွန်ဆင်က ပြောကြားနေဆဲဖြစ်သည်။
၎င်း၏ ခက်ထန်သောပြောဆိုမှုများအား ကွန်ဆာဗေးတစ်ပါတီဝင်များနှင့် ဘရီးဇစ် လိုလားသူများအကြား လူကြိုက်များသော်လည်း ထိုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းချက်ပြည့်မီရန် တစ်ခုတည်းသောနည်းလမ်းအဖြစ် လာမည့်နှစ်ပတ်အတွင်း ဘရပ်ဆဲလ်နှင့် သဘောတူညီချက်ရရှိနိုင်ရန် ဂျွန်ဆင်က လိုလားနေသည်။ လက်ရှိတွင်မူ ၎င်းအား ဆန့်ကျင်သည့် အမတ်အများအပြားရှိနေသော ဗြိတိန်ပါလီမန်တွင် ဂျွန်ဆင်သည် မည်သည့်သဘောတူညီချက်မျှ မရရှိသေးပေ။














