ရခိုင်ပြည်နယ်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို အဆုံးသတ်ရန် ကုလသမဂ္ဂက မြန်မာနိုင်ငံကို တောင်းဆို

ရခိုင်ပြည်နယ်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို အဆုံးသတ်ရန် ကုလသမဂ္ဂက မြန်မာနိုင်ငံကို တောင်းဆို
Published 1 October 2019
Ref: RFA

သက်ဆိုင်ရာဒေသရှိ လူပေါင်း ၆၀၀,၀၀၀ ကျော်ကို သုံးလကျော်ကြာအောင် အွန်လိုင်းပြတ်တောက်စေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အင်တာနက်လိုင်းများ ဖြတ် တောက်ထားခြင်းကို အဆုံးသတ်ရန် စက်တင် ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံကို တောင်းဆိုခဲ့သည်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော AA နှင့် အစိုးရတပ်များအကြား ၂၀၁၈ ခုနှစ် အနှောင်းပိုင်း၌ ဖြစ်ပွားသည့် တိုက်ပွဲများ အရှိန်မြင့်လာမှုကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ်မှ မြို့နယ်တစ်ခုတို့၌ အင်တာနက်ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရန် မြန်မာအစိုးရက ဇွန် ၂၀ ရက်တွင် တယ်လီဖုန်းအော်ပရေတာများကို အမိန့်ပေးခဲ့သည်။

မြန်မာအစိုးရသည် စက်တင်ဘာလအစပိုင်းတွင် ရခိုင်ပြည်နယ်မှ လေးမြို့နယ်နှင့် ချင်းပြည်နယ်မှ တစ်မြို့နယ်တို့ကို အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် အမိန့်ပေးခဲ့သော်လည်း ရခိုင်ပြည်နယ်မှ လေးမြို့နယ်ဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များ၌ အင်တာနက်လိုင်း များကို ယခုတိုင် ဖြတ်တောက်ထားဆဲဖြစ်သည်။ ယင်းမြို့နယ်များ၌ တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အင်တာနက်မရဘဲ နေထိုင်နေရသည်မှာ စက်တင်ဘာ ၃၀ ရက်တွင် ရက်ပေါင်း ၁၀၁ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက စက်တင် ဘာ ၃၀ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အားထုတ်မှုများသည် အင်တာနက်အသုံးပြုမှုအပေါ် မှီခိုနေရပြီး အင်တာနက်လိုင်းများ ပြတ်တောက်မှုက ယင်းအား ထုတ်မှုများအပေါ် အနှောင့်အယှက် အတားအဆီးဖြစ်စေကြောင်း ပြောကြားထားသည်။

အင်တာနက်လိုင်းများ ပြတ်တောက်မှု က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းများအား သက်ဆိုင်ရာဒေသများသို့ ခရီးသွားလာနိုင်မှုကို ဟန့်တားထားပြီး တိုက်ပွဲများနှင့် ကြုံတွေ့နေ ရပြီး ကျန်းမာရေး၊ ပညာရေးနှင့် စားနပ်ရိက္ခာ တို့အတွက် အခက်အခဲများရှိနေသည့် ဒေသ ခံများ၏ ကောင်းကျိုးအပေါ် ထိခိုက်စေကြောင်းလည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် ၌ ပြောကြားထားသည်။

အင်တာနက်အသုံးပြုခွင့်သည် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်၏ အဓိကအစိတ် အပိုင်းတစ်ရပ်ဖြစ်ပြီး ယင်းက အခြားလူ့အခွင့် အရေးများကိုလည်း ဖော်ဆောင်နိုင်စေသည် ဟု ကုလသမဂ္ဂ၏ ကြေညာချက်က ဆိုသည်။

“ဒါကြောင့် သက်ဆိုင်ရာဒေသတွေမှာ အင်တာနက်ဝန်ဆောင်မှုတွေ ချက်ချင်းပြန်ပေးပြီး နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဥပဒေတွေအောက်က တာဝန်ဝတ္တရားတွေနဲ့အညီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအ တွက် အနှောင့်အယှက် အတားအဆီးမရှိ အသုံးပြုခွင့်ကို ကူညီပေးဖို့ ကုလသမဂ္ဂအနေ နဲ့ မြန်မာအစိုးရကို တောင်းဆိုပါတယ်” ဟု ကြေညာချက်၌ ပြောကြားထားသည်။

တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အစိုးရအဖွဲ့အနေဖြင့် ကုလသမဂ္ဂ၏ထုတ်ပြန်ချက်ကို စဉ်းစားမည်ဖြစ်ပြီး လိုအပ်သလို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် အင်တာနက်လိုင်းများ မရရှိခြင်းက သက်ဆိုင်ရာဒေသအတွင်း၌ ဂျာနယ်လစ်များ၏ အား ထုတ်မှုများအပေါ် အနှောင့်အယှက်အတားအဆီးမဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် အဆက်အသွယ်တွေ ပြတ်သွားတယ် ဆိုတာ မမှန်ကန်ပါဘူး။ အဲဒီဒေသနဲ့ပတ်သက် တဲ့ အကြောင်းတွေနဲ့ သတင်းတွေကို ကျွန် တော် တစ်ချိန်လုံး တွေ့မြင်နေရတာပါပဲ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

“အင်တာနက်နှင့် တယ်လီဖုန်းဆက် သွယ်ရေးလိုင်းတွေ ရှိရှိ မရှိရှိ အဲဒီကလူတွေ အနေနဲ့ ပြင်ပကမ္ဘာကို တစ်နည်းနည်းနဲ့ ဆက်သွယ်နေနိုင်တုန်းပါပဲ။ ကျွန်တော်တို့အနေနဲ့ စစ်ဘက်ဆိုင်ရာ သတင်းတွေတောင်မှ ရရှိတဲ့ အပြင် RFA လို သတင်းဌာနတွေတောင်မှပဲ အဲဒီဒေသကို သတင်းတွေကို ဖော်ပြနိုင်တုန်းပါပဲ။ အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ သူတို့ ဒုက္ခရောက်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

 

Most Read

Most Recent