အီရန်တော်လှန်ရေးအစောင့်တပ်၏ တပ်မှူးက ၎င်းတို့နိုင်ငံ၏ နည်းပညာ တိုးတက်မှုများကြောင့် ခါးသီးသည့်ပြိုင်ဘက် အစ္စရေးကို ဖျက်ဆီးပစ်ရန်သည် ရယူနိုင်သည့် ပန်းတိုင်တစ်ရပ် ဖြစ်လာပြီဟု စက် တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
“ဒီဂြိုဟ်ဆိုးနိုင်ငံကို မြေပုံပေါ်ကနေ ဖယ်ရှားပစ်ရမယ်။ ဒါက အိပ်မက်မဟုတ်တော့ဘူး။ ရယူနိုင်တဲ့ ပန်းတိုင်တစ်ရပ်ပဲ” ဟု ဗိုလ်ချုပ် ဟို့စိန်ဆာလာမီက ပြောကြားခဲ့ကြောင်း တော်လှန်ရေးအစောင့်တပ်၏ သတင်းဌာနက ဖော်ပြခဲ့သည်။
အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးမှ ဆယ်စုနှစ် လေးခုအကြာ၌ “ဒီအယောင်ဆောင်ဂျူးနိုင်ငံကို ဖျက်ဆီးနိုင်စွမ်းရရှိအောင် ကျွန်တော်တို့ စီမံနိုင်ခဲ့ပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်အရာရှိများအတွက် ပုံမှန်မဟုတ်သော်လည်း အထူးသဖြင့် အီရန်၏ နျူကလီး ယားအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံတကာ တင်းမာမှုများ မြင့်တက်လာပြီး အီရန် နှင့် ၎င်း၏ ဒေသတွင်း အခြားအဓိကပြိုင်ဘက်တစ်ဦးဖြစ်သော ဆော်ဒီအာရေဗျတို့အကြား ထိပ်တိုက်တွေ့ဆုံမှုအပေါ် စိုးရိမ်မှု များ မြင့်တက်စေသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာသည့်အကြား ဆာလာမီ၏ မှတ်ချက်ပြုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ချုပ်ဆိုထားသည့် သမိုင်းဝင် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည့် အမေရိကန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုထံမှ နှုတ်အားဖြင့် ထောက်ခံမှုနှင့်အတူ အမြင့်ဆုံးဖိအားပေးမှုများကို လှုပ်ရှားမှုတစ် ရပ်အဖြစ် လုပ်ဆောင်ခဲ့သည်။
အီရန်၏ အိုင်ဒီယိုလိုဂျီဆိုင်ရာ တပ်မှ တပ်မှူး၏ မှတ်ချက်စကားများကို အစွန်းရောက် ကွန်ဆာဗေးတစ် နိုင်ငံရေးအုပ်စုများနှင့် နီးစပ်သည့် Tasnim and Fars သတင်းအေဂျင်စီများကလည်း ခေါင်းစီးပိုင်းသတင်း များအဖြစ် ဖော်ပြခဲ့ကြသည်။
အီရန်အစိုးရ၏ IRNA သတင်းအေဂျင်စီကလည်း သူ၏ မှတ်ချက်စကားများကို ဖော်ပြခဲ့သည်။ သို့သော် အီရန်သည် ပိုမိုအင်အားကြီးလာပြီး ရန်လိုမှု မရှိသော်လည်း နောက်ဆုံး၌ သူ၏ရန်သူများကို အနိုင်ယူနိုင် လိမ့်မည်ဟူသည့် သူ၏ အခိုင်အမာ ပြောကြားချက်ကိုသာ ပို၍ အထူးပြုဖော်ပြခဲ့သည်။
ယင်းနှင့်ဆန့်ကျင်လျက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘားစ် မူဆာဗီက “မြင့်မြတ်တဲ့ တမန်တော်မိုဆက် (PBUH) ရဲ့ စစ်မှန်တဲ့ နောက်လိုက်တွေ အားလုံးနဲ့ ကျွန်တော်တို့ရဲ့ ဂျူးနိုင်ငံသားချင်း တွေ (ဂျူး) နှစ်သစ်မှာ ပျော်ရွှင်ပါစေ” ဟု တွစ်တာတွင် ဆုတောင်းတစ်ခုကို ရေးသားခဲ့သည်။
မူဆာဗီ၏ ဆုတောင်းကို ပါရှန်း၊ အင်္ဂလိပ်၊ ဟီဘရူးဘာသာများဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံတွင် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်မီက ဂျူး ၈၀,၀၀၀ မှ ၁၀၀,၀၀၀ အကြား ရှိသော်လည်း ယခုအခါ ထောင်ဂဏန်းအနည်းငယ်မျှသာ ကျန်တော့ကြောင်း သိရသည်။
တော်လှန်ရေးနောက်ပိုင်း အီရန်သည် အစ္စရေးအပေါ် အဆက်မပြတ် ရန်လိုခဲ့ပြီး ပါလက်စတိုင်းဟားမားနှင့် လက်ဘနွန်ဟဇ်ဘိုလာတို့အပါအဝင် အစ္စရေးဆန့်ကျင်ရေး လက်နက်ကိုင်တပ်များကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။














