၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များ အဓိကပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီီ တည်ထောင်ခွင့်ရရှိ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များ အဓိကပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီီ တည်ထောင်ခွင့်ရရှိ
Published 1 October 2019
ဉာဏ်လင်းထွန်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၅ ရက်တွင် အကြောင်းကြားသည်ဟု ပါတီတာဝန်ရှိသူ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ယင်းပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်တည်ထောင်ခြင်းဖြစ်ပြီး ပါတီတည်ထောင်ခွင့်ကို ဧပြီလကုန်က လျှောက်ထားခဲ့ကာ စက်တင်ဘာလကုန်တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ပါတီတည်ထောင်သူအများစုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည့်အတွက် ထိုပါတီမှ နုတ်ထွက်ထားခြင်း ရှိ မရှိနှင့် နိုင်ငံသားအဖြစ် ခံယူထားခြင်း ရှိ မရှိ စိစစ်မှုများကြောင့် ပါတီတည်ထောင်ခွင့်ရရှိရေးအတွက် လေးလကျော် စောင့်ဆိုင်းခဲ့ရသည်ဟု ၁၉၉၀ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က ဆိုသည်။ 

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရှိပြီးနောက် မှတ်ပုံတင်ခွင့်ပြုနိုင်ရန် ပါတီ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ အပါအဝင် ပါတီ၏ အလံ၊ တံဆိပ်တို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ရက်ပေါင်း ၃၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီခေါင်းဆောင်အဖြစ် ၁၉၉၀ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းဦးက ဆောင်ရွက်မည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၀ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားပြီး လတ်တလောအနေအထားအရ အဆိုပါအခြေအနေများ အပြောင်းအလဲမရှိဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

လက်ရှိနိုင်ငံရေး အခြေအနေများအရ လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းတစ်ခုတည်းဖြင့် နိုင်ငံ၏ အရွေ့ကို ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆသည့်အတွက် ပါတီတည်ထောင်ကာ လွှတ်တော်တွင်းနိုင်ငံရေးကို လုပ်ဆောင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပါတီနာယကများအဖြစ် ဗမာအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ရှစ်ဦးကို ထားရှိသွားမည်ဖြစ်ပြီး ပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ လူအခွင့်အရေး ချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေးကော်မတီ စသည့် အစုအဖွဲ့လေးခုတွင် ပါဝင်သူများဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent