တရုတ်သမ္မတနိုင်ငံ ထူထောင်မှု အနှစ် (၇၀) ပြည့်မတိုင်မီ ရှားရှားပါးပါး လုပ်ရပ်အဖြစ် သမ္မတရှီကျင်ပင်းသည် ဥက္ကဋ္ဌမော်စီတုံး၏ ဂူဗိမာန်သို့ စက်တင်ဘာ ၃ဝရက်တွင် သွားရောက်ဂါရဝပြုခဲ့သည်။ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှု နှစ်ပတ်လည်မတိုင်မီ ရှီနှင့် အခြား အစိုးရထိပ်တန်းတာဝန်ရှိသူများသည် မြို့တော်ပေကျင်းဗဟိုချက်ရှိ တီယန်မင်ရင်ပြင်တွင်ရှိသော မော်၏ ဂူဗိမာန်သို့ သွားရောက်ခဲ့ကြပြီး မော်၏ရုပ်တုကို သုံးကြိမ် ဦးညွှတ်ခဲ့ကြကြောင်း အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။
ထို့ပြင် ဂူဗိမာန်ခန်းမထဲ၌ မပုပ်သိုးစေရန် ဆေးစိမ်စီရင်ထားသော မော်၏ရုပ်အလောင်းကိုလည်း ရှီက ဂါရဝပြုခဲ့သည်။
Great Helmsman ၏ရုပ်တုအား တရုတ်ခေါင်းဆောင်တစ်ဦးက နောက်ဆုံးအကြိမ် ဂါရဝပြုမှုမှာ ပြီးခဲ့သောခြောက်နှစ်ခန့်က မော်၏ အသက် (၁၂၀) ပြည့်မွေးနေ့ အထိမ်းအမှတ်၌ ရှီကပင် ဂါရဝပြုခဲ့ခြင်းဖြစ်သည်။
ဧရာမစစ်ရေးပြမှုနှင့် ချိုးငှက်ကောင်ရေ ၇၀၀၀၀ လွှတ်ပေးမှုအပါအဝင် တင်းတင်းကျပ်ကျပ် စီစဉ်ထားသောပျော်ပွဲရွှင်ပွဲများလည်း ပါဝင်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှုနှစ်ပတ်လည်ကို မကျင်းပမီ နိုင်ငံထူထောင်ခဲ့သူအား သမ္မတရှီက သွားရောက် ဂါရဝပြုခဲ့ခြင်းဖြစ်သည်။
ရှီနှင့်တရုတ်ကွန်မြူနစ်ပါတီမှ အခြား ခေါင်းဆောင်အချို့သည် စက်တင်ဘာ ၃၀ ရက်နံနက်တွင် တီယန်မင်ရင်ပြင်ရှိ အမျိုးသားသူရဲကောင်းများကို ဂုဏ်ပြုသည့်အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။
အလားအလာရှိသော နိုင်ငံတစ်နိုင်ငံတွင် သူရဲကောင်းများ ပေါ်ထွန်းရမည်ဖြစ်ကြောင်း၊ အနာဂတ်အတွက် မျှော်လင့်ချက်များရှိသော နိုင်ငံတစ်နိုင်ငံတွင် စွန့်ဦးတီထွင်သူများ ရှိရမည်ဖြစ်ကြောင်း ရှီက ပြောကြား ခဲ့သည်ဟု အစိုးရရုပ်သံ CCTV က ကိုးကား ဖော်ပြခဲ့သည်။
စစ်ပွဲနှင့် အငတ်ဘေး၏ ဒဏ်ရာဒဏ်ချက်များ ခံစားခဲ့ရမှုမှ ရုန်းထလာခဲ့ပြီး ယနေ့ခေတ်တွင် နိုင်ငံအများအပြားက စိုးရိမ်နေကြ ရသည့် စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ သြဇာ အလွန်အမင်းကြီးမားလာခဲ့သော တရုတ်၏ ထူးကဲသော အောင်မြင်မှုများကို ထိုနှစ်ပတ်လည် အခမ်းအနားက ပြသမည်ဖြစ်သည်။ သို့သော် တရုတ်သမ္မတရှီအတွက် အလွန်ဆိုးရွားသောနှစ်ကို ကြုံနေရစဉ် ထိုအခမ်းအနားများကို ကျင်းပရမည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်အကြား မပြီးဆုံးသေးသောကုန်သွယ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးကို ထိုးနှက်နေချိန်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါပျံ့နှံ့နေမှုများကြောင့် တရုတ်၏ အဓိကစားစရာဖြစ်သော ဝက်သား စျေးနှုန်းများလည်း တစ်ရှိန်ထိုး မြင့်တက်နေခဲ့သည်။ ယင်းအချိန်တွင် ပေကျင်း၌ လေထုညစ်ညမ်းမှုသည် မြင့်မားနေဆဲဖြစ်ပြီး အဓိက အခမ်းအနားမတိုင်မီ အာဏာပိုင်များက လုပ်လေ့လုပ်ထ မရှိသည့်လုပ်ရပ်အဖြစ် စက်ရုံများအား ပိတ်ပစ်၍ ကောင်းကင် ကြည်လင်နေစေရန် လိုလားနေကြသည်။
တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ် တစ်ပိုင်းရဒေသ ဟောင်ကောင်တွင်လည်း ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများ၏ လနှင့်ချီ ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး နှစ်ပတ်လည် မတိုင်မီ နှစ်ရက်အလို စက်တင်ဘာ ၂၉ ရက်တွင်လည်း ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများအကြား ပြင်းထန်သောပဋိပက္ခ များ ဖြစ်ပွားခဲ့သည်။
ဟောင်ကောင်ဆန္ဒပြသူများက “ပူဆွေး ရသည့်နေ့”ဟု အမည်ပေးခဲ့သော အမျိုးသားနေ့မတိုင်မီ လနှင့်ချီကြာမြင့်လာပြီဖြစ်သည့် ထိုဆန္ဒပြမှုများအား အရှိန်မြှင့်သွားမည်ဟု အာရှဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်မှ ဆန္ဒပြ သူများက ကတိပြုထားကြသည်။














