အမေရိကန်က ဟွာဝေကုမ္ပဏီကို သူလျှိုလုပ်သည်ဟု စွပ်စွဲလျက် ပိတ်ပင်ထားပြီး ၎င်း၏ မဟာမိတ်များကိုပါ ယင်းကဲ့သို့ ပြုလုပ်ရန် တောင်းဆိုထားသော်လည်း ရုရှား၌ 5G ကွန်ရက်များ ဖွံ့ဖြိုးအောင် ဟွာဝေက လုပ်ဆောင်နေမှုများကို ခွင့်ပြုလျက်ရုရှားသည် တရုတ်နည်းပညာကုမ္ပဏီကြီးကို အကြီးအကျယ် လက်ခံကြိုဆိုထားကြောင်း သိရသည်။
ယင်းသည် ရုရှားနိုင်ငံမှ နည်းပညာအသုံးပြုသူများအတွက် အလွန်မြန်နှုန်းမြင့်သည့် အင်တာနက်ကို ဖော်ဆောင်ပေးရန် တွန်းအားဖြစ်သကဲ့သို့ အမေရိကန်ကို ဆန့်ကျင်လျက် တရုတ်နှင့် တစ်သားတည်းရှိ ကြောင်း ရုရှားက အကြီးအကျယ် ပြသလိုက်ခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ယခုလအတွင်း ဟွာဝေသည် ရုရှားအော်ပရေတာ MTS နှင့် တွဲဖက်လျက် မော်စကို၌ ၎င်း၏ ပထမဆုံး 5G စမ်းသပ်ရေးဇုန်ကို ဖွင့်လှစ်ခဲ့ပြီး မော်စကို၏ ကျန်အစိတ်အပိုင်းများသို့လည်း ယင်းဝန်ဆောင်မှုကို ဖြန့်ကျက်ရန် မျှော်မှန်းထားသည်။
လာမည့်နှစ်အနည်းငယ်အတွင်း 5G ကွန်ရက်များသည် မော်စကို၏ ပုံမှန်အခြေခံ အဆောက်အအုံ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာလိမ့်မည်ဟု မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။
အနောက်နိုင်ငံများစွာတို့နှင့် နှိုင်းယှဉ်လျှင်ပင် တယ်လီဖုန်းဆက်သွယ်ရေး၌ ရှေ့ ပြေးသည့် နိုင်ငံတစ်နိုင်ငံဟု ဆိုနိုင်သည့် ရုရှားသည် ၂၀၂၄ ခုနှစ်သို့အရောက်၌ သူ၏ အဓိကမြို့များအားလုံးတွင် 5G ကွန်ရက်များ ဖြန့်ကျက်ထားရန် စီစဉ်ထားသည်။
အမေရိကန်နှင့် ဟွာဝေတို့၏ ပဋိပက္ခအမြင့်ဆုံးရောက်နေချိန် ဇွန်လ၌ တရုတ်သမ္မတ ရှီကျင်ပင်း ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့်အခါ ရုရှား၏ အဓိကအော်ပရေတာ MTS နှင့် တရုတ်နိုင်ငံ၏ ဟွာဝေကုမ္ပဏီတို့ ကန်ထရိုက်စာချုပ်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။
မော်စကိုမြို့၌ 5G စမ်းသပ်ရေးဇုန် ဖွင့်ပွဲအခမ်းအနားတွင် ဟွာဝေကုမ္ပဏီ၏ ရုရှားဌာနခွဲ စီအီးအို ချောင်လိန်းက ယင်းနိုင်ငံအတွင်း ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို ချီးကျူးခဲ့သည်။
“ကျွန်တော်တို့ ရုရှားမှာ လုပ်ကိုင်နေခဲ့တာ ၂၂ နှစ် ရှိပါပြီ။ ကျွန်တော်တို့ ဒီမှာ ကောင်းကောင်း အခြေကျနေတဲ့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟွာဝေသည် 5G နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဟု ခံယူထားပြီး အနာဂတ်၌ 5G နည်းပညာဖွံ့ဖြိုးမှုကို ဦးဆောင်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဟွာဝေသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်သည်။
ရုရှားနိုင်ငံ၏ 5G သုတေသနအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ဟွာဝေသည် ရုရှားနိုင်ငံတွင် မိုဘိုင်းနည်းပညာဖွံ့ဖြိုးရေး၌ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မော်စကိုမြို့တွင် အော်ပရေတာအားလုံး၌ အကြီးဆုံး သုတေသနဓာတ်ခွဲခန်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။
Vedomosti စီးပွားရေးနေ့စဉ်သတင်းစာ၏ ဖော်ပြချက်ချက်အရ ဟွာဝေကုမ္ပဏီ သည် မိုဘိုင်းသုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် မော်စကိုမြို့၌ ဝန်ထမ်းပေါင်း ၄၀၀ ကို လည်းကောင်း၊ စိန့်ပီတာစဘတ်မြို့၌ ဝန်ထမ်းပေါင်း ၁၅၀ ကို လည်းကောင်း ခန့်ထားကြောင်း သိရသည်။
ဟွာဝေသည် ၂၀၁၉ ခုနှစ် နှစ်ကုန်သို့ အရောက်တွင် နောက်ထပ် ဝန်ထမ်းပေါင်း ၅၀၀ နှင့် နောက်ထပ် ငါးနှစ်အတွင်း ဝန် ထမ်းပေါင်း ၁၀၀၀ ကျော်အထိ တိုးမြှင့်ခန့် ထားရန် ရည်မှန်းထားကြောင်းလည်း Vedomosti က ဖော်ပြခဲ့သည်။














