အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အဖွဲ့ဝင်ခုနစ်ဦး ပါဝင်သော CPU ဖွဲ့စည်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အဖွဲ့ဝင်ခုနစ်ဦး ပါဝင်သော CPU ဖွဲ့စည်း
Published 29 September 2019
ဖြိုးဝေ

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးနိုင်ရန် ကော်မရှင်အစည်းအဝေး အမှတ်စဉ် (၄၉/၂၀၁၉) အရ ပြည်သူတစ်ဦးချင်းအပေါ်သို့ တိုက်ရိုက်သက်ရောက်စေသည့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU Corruption Prenention Unit) ကို အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တားဆီးကာကွယ်ရေးဌာန၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်ကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး CPU ၏ အဓိကတာဝန်များအဖြစ် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရာတွင် တိုင်ကြားမှု ယန္တရားထူထောင်ခြင်း၊ စောင့်ကြပ်စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်းနှင့် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရာတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ စုံစမ်းစစ်ဆေးနိုင်ရေးနှင့် လိုအပ်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်း ဆောင်ရွက်ရာတွင် အဂတိ လိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း တင်ပြဆောင်ရွက်ရန်၊ စစ်တမ်းတွေ့ရှိချက်၊ ဆန်းစစ်လေ့လာချက်များအပေါ် မူတည်၍ တားဆီးကာကွယ်ရေးမူဝါဒနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများကို တင်ပြဆောင်ရွက်ရန်၊ ဦးစီးဌာနတစ်ခုချင်းစီ၏ အဂတိလိုက်စားမှုကို ထိန်းချုပ်သော ခေါင်းဆောင်မှုနှင့် ကတိကဝတ်တို့ကို ဖော်ပြသည့် ဌာနဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒများ တင်ပြဆောင်ရွက်ရန် စသည့်တာဝန်များ လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းအပြင် အဂတိလိုက်စားမှုနှင့် ဖြစ်နိုင်ခြေရှိသော နယ်ပယ်များကို ထိန်းချုပ်ရန်အတွက် မူဝါဒများ ဖော်ထုတ်ရေးဆွဲရာတွင် ဌာနများကို ကူညီဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေး အသိပညာပေးရေး လုပ်ငန်းများ တင်ပြဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို တင်ပြဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အခါအားလျော်စွာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ အခြားဝန်ကြီးဌာနများ၌ ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက်ပြုမည့် အဖွဲ့အဖြစ် ဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အား အထောက်အကူပြုမည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အဖွဲ့အား ဖွဲ့စည်းနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ကို သိရှိလိုက်နာ ကျင့်သုံးရမည့်အပြင် ကော်မရှင်က ရေးဆွဲထုတ်ပြန်ထားသည့် ကော်မရှင်ကျင့်ဝတ်ကို သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် အဖွဲ့၏ ဆောင်ရွက်မှု အစီရင်ခံစာကို ကော်မရှင်သို့ တင်ပြရန်စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent