တပ်မတော်က တစ်ဖက်သတ် ကြေညာခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ထပ်တိုးရန် အစီအစဉ် မရှိသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

တပ်မတော်က တစ်ဖက်သတ် ကြေညာခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ထပ်တိုးရန် အစီအစဉ် မရှိသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 29 September 2019

တပ်မတော်က တစ်ဖက်သတ်ကြေညာခဲ့သည့် ပစ်ခတ်တိုက်မှုရပ်စဲရေးကာလကို ထပ်တိုးရန် အစီအစဉ်မရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် တပ်မတော်အနေဖြင့် အပစ်ရပ်ကာလ တပ်မတော်က တိုးပေးထားခြင်းနှင့်ပတ်သက်ပြီး ထပ်တိုး-မတိုး ရှင်းပြပေးရန် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ထပ်တိုးဖို့ လောလောဆယ် အစီအစဉ်မရှိဘူး။ ကျွန်တော်တို့ ပြောပြီးသားပါ။ အစီအစဉ်မရှိဘူးလို့ ပြောပြီးသားပါ။ (အဓိကက ဘာအကြောင်းကြောင့်ဖြစ်မလဲ)။ ၂၀၁၈ သြ ဂုတ် ၁၂ မှာ အဲဒီဖြစ်ပေါ်လာတဲ့ အကြောင်းရင်းကိုလည်း ကြည့်ဖို့လိုတယ်။ ၂၀၁၈ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဲဒီသုံးဖွဲ့ ထုတ်ပြန် ချက်ကြေညာတယ်။ အဲဒီထုတ်ပြန်ချက်မှာ အပိုဒ်သုံးပိုဒ်ပဲ ပါတယ်။ အဲဒီ အပိုဒ်သုံးပိုဒ်မှာ အနှစ်သာရ နှစ်ခုပဲပါတယ်။ နံပါတ် (၁) သည် သူတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဆန္ဒရှိပါတယ်ဆိုတဲ့ဟာပါတယ်။ နံပါတ် (၂) က တော့ စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်း လမ်းကို ဆောင်ရွက်သွားမည်လို့ပါတယ်။ အဲ ဒီနှစ်ခု ထုတ်ပြန်ခဲ့တယ်။ အဲဒီနှစ်ချက်ထုတ် ပြန်ခဲ့တာကြောင့်မို့လို့ နောက်နေ့မှာ NRPC ကနေပြီးတော့ ဒါကိုကြိုဆိုတယ်လို့ပြောတယ်။ အဲဒါကြောင့်မို့လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့တာ။ ပထမဦးဆုံး ထုတ်ပြန်ချက်။ ထာဝရငြိမ်းချမ်းရေးနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာရန်အတွက် ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့သည့် ထာဝရငြိမ်းချမ်းရေးနှင့် ပစ် ခတ်တိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်တွင် လေးလတာ အပစ်ခတ်ရပ်စဲခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီမှာ ကျွန်တော်တို့ ပြောထားတာ နံပါတ် (၁) က NRPC နဲ့ ဆွေးနွေး၊ နံပါတ် (၂) က NRPC နဲ့ ဆွေးနွေးတာမှာ လိုအပ်လာရင် တပ်မတော် ညှိနှိုင်းရေးနဲ့ ဆွေးနွေးလို့ ပြောခဲ့တာရှိတယ်။ ကျွန်တော်တို့ပြောခဲ့တယ်။ ကန့်သတ်ချက် သုံးခုပဲရှိတယ်။ နံပါတ် (၁) ကန့်သတ်ချက် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် မလုပ်နဲ့။ EAO အချင်းချင်း မတိုက်နဲ့။ နံပါတ် (၂) က အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို မတိုက်ခိုက်နဲ့။ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးကို မထိခိုက်စေနဲ့။ နံပါတ် (၃) က ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့။ အဲဒါတွေဖြစ်ရင် ကျွန်တော်တို့ ပြန်ပြီး တော့ကျ အရေးယူဆောင်ရွက်မယ်လို့ ပြောတယ်။ ပြီးရင် ဆွေးနွေးကြပါပြောတယ်။ လေးလအတွင်းမှာ ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ မနက်ဖြန်ပြည့်မယ်ဆိုတဲ့ အချိန်မှ ဒီနေ့လိုနေ့မျိုးမှ ဆွေးနွေးတယ်။ ဘာဆွေးနွေး ပွဲရလဒ် မည်မည်ရရဆိုလို့ နောက်ထပ်ဆက် လက်ဆွေးနွေးပါမည်ဆိုတဲ့ ရလဒ်ပဲထွက်တယ်” ဟု ပြောကြားသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း နေရာ၊ အချိန်နှင့်ပတ်သက်၍ စောဒကများ တက်လာကြောင်း၊ နေရာနှင့်ပတ်သက်၍ အားလုံးလုံ ခြုံရေးရရှိရန် ဆောင်ရွက်ပေးပါမယ်ဆိုသော်လည်း မရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“လုံခြုံရေးရှိအောင် ဆောင်ရွက်ပေးမယ် ဆိုတာ အစိုးရ၊ တပ်မတော် အာမခံတယ်။ ဒါပေမဲ့ ရွေးတယ်။ ထပ်ပြီးတော့ ဖျက်တယ်။ ပြီးရင် ဒီပြည့်ခါနီးမှာ သြဂုတ် ၁၅ မှာ ပြင်ဦးလွင်၊ ဂုတ်တွင်း၊ နောင်ချိုတိုက်တယ်။ စစ်ဘက်ပစ်မှတ် နှစ်ခုပဲ ပါတယ်။ ပြင်ဦးလွင်တပ်မတော် နည်းပညာတက္ကသိုလ်၊ ပြီးရင် နောင်ချိုမှာရှိတဲ့  တပ်ရင်းတစ်ခု၊ ကျန်တဲ့ဟာမှန်သမျှ အရပ်သား ပစ်မှတ်တွေချည်းပဲ။ အရပ်သားပစ်မှတ်တွေ ဆိုတာ ပြင်ဦးလွင်မှာရှိတဲ့ X-Ray ယာဉ်ပေါ့။ မူးယစ်ဆေးဝါး စစ်ဆေးရေးယာဉ်ကို တိုက် တယ်။ နောင်ချိုမှာရှိတဲ့ မူးယစ်ဆေးဝါးစခန်း တိုက်တယ်။ လူတစ်ယောက် မီးရှို့သတ်သွားတယ်။ နောက်ပြီးတော့ ဂုတ်တွင်းတံတား မီးရှို့  ဖျက်ဆီးတယ်။ နောက်ရက်တွေမှာ ကွန်လုံဘက်အခြမ်းမှာရှိတဲ့ တံတားတွေချိုးတယ်။ နောက်ရက်တွေမှာ ကုန်ကားတွေ၊ လူစီးကား တွေ မီးရှို့တယ်၊ ဖျက်ဆီးတယ်။ အဲဒီအဖျက် အမှောင့်လုပ်ငန်းတွေပဲ လုပ်တယ်။ ပြီးရင် ၂၁ ရက်နေ့မှာပြီးသွားတယ်။ ၂၁ ရက်နေ့ ကျိုင်းတုံ ဆွေးနွေးပွဲ မယ်မယ်ရရ ရလဒ်မထွက်ဘူး။ ပြီးရင် ၂၀ ရက်နေ့မှာ သူတို့ပဲ ကြေညာချက် ထုတ်ပါတယ်။ အဲဒီ ကြေညာချက်သည် ဘာ ထုတ်တုန်း၊ သူတို့အနေနဲ့ ဒီဇင်ဘာအထိ သူတို့ ရပ်တယ်ဆိုပြီးပြောတယ်။ အဲဒီနေ့ ထုတ်ပြီး မကြာခင်မှာ လေး၊ ငါးနာရီအတွင်းမှာ ဘူးသီး တောင်မှာရှိတဲ့ တပ်ဌာနချုပ်ကို အဝေးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင် နေတဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တယ်။ ဥပဒေ ဘောင်အတွင်းက အဖွဲ့အစည်းဖြစ်တယ်။ သူတို့လို ကြေညာချက် အခုထုတ်၊ နာရီပိုင်း အတွင်းမှာ ဗလောင်းဗလဲလုပ်လို့ မရဘူး။ ကျွန်တော်တို့ ကြေညာချက်ထုတ်တဲ့အခါ  ဆောင်ရွက်ရမယ်။ ဒါကြောင့်မို့လို့ တပ်မတော် အနေနဲ့ ကြေညာချက်ထုတ်ဖို့ အစီအစဉ်မရှိ ဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်က ပါဦးမှာလားဆိုသည့် မေးမြန်းမှုကို “ဒါလည်း အခြေအနေပေါ်မှာပဲ မူတည်တယ်။ အခြေအနေပေါ်မှာပဲ မူတည်လိမ့်မယ်ဆိုတာ ကျွန်တော်တို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို NRPC ရဲ့ ဦးဆောင်မှုနဲ့ လုပ်နေတာဖြစ်တယ်။ NRPC ရဲ့ ဦးဆောင်မှု နဲ့ လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်ရင်ပါဝင်မယ်။ မလိုအပ်ဘူးဆိုရင် NRPC ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ မလိုအပ်ဘူးဆိုရင် ပါဝင်မှာမဟုတ်ဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

Most Read

Most Recent