၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံရေးဘက်သို့ ကူးပြောင်းမှု ရှိ မရှိကို စောင့်ကြည့်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံရေးဘက်သို့ ကူးပြောင်းမှု ရှိ မရှိကို စောင့်ကြည့်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြောကြား
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ထွန်းထွန်းညီ(ဝဲ)က ရှင်းလင်းပြောကြားနေမှုအား တွေ့ရစဉ်
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ထွန်းထွန်းညီ(ဝဲ)က ရှင်းလင်းပြောကြားနေမှုအား တွေ့ရစဉ်
Published 28 September 2019
စိုးမင်းထိုက်

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် နိုင်ငံရေးဘက်သို့ ကူးပြောင်းမှု ရှိ မရှိအား စောင့်ကြည့်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦးက “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးဘက်ကို ကူးပြောင်းဖို့ရှိမလားပေါ့။ တကယ်လို့ ကူးပြောင်းခဲ့မယ်ဆိုရင် ရော ဘယ်လိုပုံစံမျိုးနဲ့ ဝင်ရောက်ဖို့ရှိမလဲဆိုတာ သိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းထွန်းညီက “တချို့မီဒီယာတွေမှာလည်း ရေးကြဖော်ပြကြတာ တွေ့ပါတယ်။ ဒါကတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်ပါတယ်။ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်လာတဲ့ အတွေ့အကြုံတွေ၊ အရည်အချင်းတွေ၊ အတွေ့အကြုံတွေပေါ့။ တစ်သက်လုံးတာဝန်တွေကို ထမ်းဆောင်လာခဲ့တယ်။ လက်ရှိမှာလည်း နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တွေကို ထမ်းဆောင်နေတာပေါ့။အဲဒီတော့ တပ်မတော်သားတွေအများစုက နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြတဲ့ အခြေအနေမှာ လက်ရှိမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေအားလုံးကတော့ ကာကွယ်ရေးပေါ့။ နိုင်ငံတာဝန်ထမ်းဆောင်ဖို့အတွက်ကို နိုင်ငံတော်က လိုအပ်ချက်ရှိလာလို့ရှိရင်လည်း ဘယ်နေရာမှာ မဆိုထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ဖို့ ကြိုးစားနေလေ့ရှိပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းတွေပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း အနေအထား၊ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ပြီးဆုံးတဲ့ အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်း ဒါက နိုင်ငံသားတိုင်း ဘယ်သူမဆိုအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီးတော့ တစ်နေရာမဟုတ် တစ်နေရာတော့ နိုင်ငံ့တာဝန်တွေကို သူစွမ်းဆောင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ဒီအပေါ်မှာလည်း သူ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဆက်ပြီး ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ပါ” ဟု ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိ ပါသလားဆိုသည့် ဆက်စပ်မေးခွန်းနှင့်ပတ် သက်၍လည်း စောင့်ကြည့်ရန်သာ ၎င်းက ဖြေကြားသည်။

 ဗိုလ်ချုပ်ထွန်းထွန်းညီက “ဒါကတော့ ကျွန်တော်တို့ စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလအတွက်က တပ်မတော်သားရဲ့တာဝန်ကတော့ လက်ရှိမှာ တပ်မတော်ရဲ့တာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ဒီအပေါ်မှာ ဆက်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ မထမ်းဆောင်ဖို့ဆိုတာကတော့ အကြောင်းအမျိုးမျိုးတွေရှိ ကောင်းရှိပါလိမ့်မယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သည့် ကြည်း၊ ရေ၊ လေ(ညှိနှိုင်းကွပ်ကဲရေးမှူး) တာဝန်ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်းအပါအဝင် ဗိုလ်ချုပ်ကြီး၊ ဒုတိယ  ဗိုလ်ချုပ်ကြီးနှင့် အခြားအဆင့်များ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့အတူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ကြည်း၊ ရေ၊ လေ(ညှိနှိုင်းကွပ်ကဲရေးမှူး) တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှဌေးဝင်း အပါအဝင် တပ်မတော်မှ ထိပ်ပိုင်းအဆင့်မြင့်အရာရှိကြီးများ ဝင်ရောက်ယှဉ်ပြိုင်သည့်အစဉ်အလာများရှိခဲ့သည်။

ထို့ပြင် ဝေဖန်မှုများထွက်ပေါ်နေသည့် တပ်တွင်း မဲရုံကိစ္စများနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တိကျသည့် ဖြေကြားမှုများ မပြုလုပ်နိုင်သေးကြောင်း၊ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ကြောင်း၊ သို့ရာတွင် တပ်မတော်သားအနေဖြင့် ၂၄ နာရီ တာဝန်ထမ်းဆောင်နေရသည့်အတွက် အခက်အခဲများရှိ ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent