ဖောက်ခွဲမှုများပြုလုပ်ရန်အတွက် မည်သည့်လက်အောက်ခံ တပ်ဖွဲ့များကိုမျှ ညွှန်ကြားထားခြင်း လုံးဝမရှိကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး သန္နိဋ္ဌာန်ချထားကြောင်း KNU ထုတ်ပြန်

ဖောက်ခွဲမှုများပြုလုပ်ရန်အတွက် မည်သည့်လက်အောက်ခံ တပ်ဖွဲ့များကိုမျှ ညွှန်ကြားထားခြင်း လုံးဝမရှိကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး သန္နိဋ္ဌာန်ချထားကြောင်း KNU ထုတ်ပြန်
Published 28 September 2019
မင်းနိုင်စိုး

ဖောက်ခွဲမှုများ ပြုလုပ်ရန်အတွက် မည်သည့်လက်အောက်ခံတပ်ဖွဲ့များကိုမျှ ညွှန်ကြားထားခြင်း လုံးဝမရှိကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးသန္နိဋ္ဌာန်ချထားကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်၊ ရက်စွဲဖြင့် Social Media မှတစ်ဆင့် ပျံ့လွင့်နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံ ခြုံရေးဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် (နိုင်ဆွေဦး) ၏ လက်မှတ်ဖြင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရုံး/ဌာနအသီးသီးသို့ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး လမ်းညွှန်မှုကို ဖော်ပြသောညွှန်ကြားစာနှင့် သက်ဆိုင် ရာအဆင့်ဆင့်သို့ တစ်ဆင့်ညွှန်ကြားစာများကို တွေ့ရှိရကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အစိုးရဌာနအဆင့်ဆင့်တို့မှ ညွှန်ကြားစာများ ပေါ်ထွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများတို့ကလည်း လုံခြုံရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်လာကြသည်ကို တွေ့ရကြောင်းလည်း KNU ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါညွှန်ကြားစာတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်အချို့ (AAအဖွဲ့/KIA အဖွဲ့နှင့် အဖွဲ့စိစစ်ဆဲ)၊ CNF နှင့် KNU အဖွဲ့ဝင်များ စုစုပေါင်း ၂၀ က ထိုင်းနိုင်ငံ မယ်လ (ခ) ဘဲကလော့ဒုက္ခသည်စခန်းအနီး တွင် အစည်းအဝေးပြုလုပ်ခဲ့ခြင်း၊ ထိုအစည်းအဝေးတွင် စက်တင်ဘာ ၁၆ ရက် (သို့မဟုတ်) စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက် (သို့မဟုတ်) အောက်တိုဘာ ၂၆ ရက်၌ နေပြည်တော်ကောင်စီနယ်မြေတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်မည့် သတင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးမှ စာအမှတ် ၅၀၆ (၁၅၈)/၁၂/သမ္မတရုံးရက်စွဲ -၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရုံး/ ဌာနအသီးသီးတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန် ညွှန်ကြားကြောင်း ဖော်ပြခဲ့သည်။

အထက်ပါ စာပါအကြောင်းအရာအရ ‘KNU အဖွဲ့ဝင်များမှ’ ဟုလည်းကောင်း၊ ‘ဖောက်ခွဲမှုတစ်ခု ပြုလုပ်ရန်’ဟုလည်း ကောင်း ပါရှိသောကြောင့်KNU က ယခုကဲ့သို့ သတင်း ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်မည့် မူဝါဒမရှိကြောင်း၊ KNU ၏ မည်သည့်လက်အောက်ခံ တပ်ဖွဲ့တစ်ခုခုအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ လုပ်ဆောင်ရန်မရှိ ကြောင်း KNU က သတင်းထုတ်ပြန်သည်။

စာပါအကြောင်းအရာအရ ‘အစည်းအဝေးတစ်ခုပြုလုပ်ပြီး နေပြည်တော်ကောင်စီနယ်မြေတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ရန်’ ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး KNU အနေဖြင့် ထိုသို့သော အစည်းအဝေးမျိုး မပြုလုပ်ခဲ့သကဲ့သို့ ဖောက်ခွဲမှုများ ပြုလုပ်ရန်အတွက် KNU ၏ မည်သည့်လက်အောက်ခံတပ်ဖွဲ့ များထံသို့ ညွှန်ကြားချက် တစ်စုံတစ်ရာညွှန် ကြားခြင်းမျိုး လုံးဝ (လုံးဝ) မရှိကြောင်း  သတင်းထုတ်ပြန်ချက် တွင်ပါရှိ်သည်။

KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သန္နိဋ္ဌာန်ချထားသကဲ့သို့ တစိုက်မတ်မတ်ဖြင့် ရှေ့တန်းမှပါဝင်ကာ ကြိုးစားဆောင်ရွက်နေပြီး ဆက်လက်၍လည်း ဆောင်ရွက်နေမည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။

ထို့ပြင် KNU  သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တရားမျှတပြီး ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ‘မူဝါဒ’  ချမှတ်ထားသည့်အတိုင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ၏ သတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

KNU အဖွဲ့သည် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အ စည်းတစ်ခုဖြစ်ဖြစ်သည်။

 

 

 

Most Read

Most Recent