ပိတ်ဆို့အရေးယူမှုများအား အပြည်ပြည်ဆိုင်ရာက ပိုမိုထိန်းချုပ်ရန်အတွက် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က စက်တင်ဘာ ၂၇ ရက်တွင် တိုက်တွန်းခဲ့ပြီး အီရန်နှင့် စီးပွားရေးလုပ်ကိုင်မှု ရပ်ဆိုင်းရန် နိုင်ငံအားလုံးကို ဖိအားပေးနေသည့် အမေရိကန်၏ ကြိုးပမ်းမှုများကို ၎င်းက ဝေဖန်ခဲ့သည်။
ပိတ်ဆို့အရေးယူမှုများသည် မည်သည့်ဥပဒေအရ အကျုံးဝင်သည်ကို မိမိတို့မသိကြောင်း၊ ယင်းသည် ချမ်းသာပြီး သြဇာကြီးမားသူများ၏ အထူးအခွင့်အရေးဖြစ်ဖွယ်ရှိကြောင်း အသက် ၉၄ နှစ်ရှိပြီဖြစ်သော မဟာသီယာက ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်း၌ ပြောကြားခဲ့သည်။ ပိတ်ဆို့အရေးယူမှုများအား ချမှတ်လိုလျှင် ထိုပိတ်ဆို့အရေးယူမှုများအား စီမံရန် ဥပဒေတစ်ရပ် ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမှန်တကယ်တွင် နိုင်ငံတစ်နိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လျှင် အခြားနိုင်ငံများသည်လည်း ပိတ်ဆို့အရေးယူခံရကြောင်း၊ အီရန်အား ပိတ်ဆို့အရေးယူမှုများ သက်ရောက်ချိန်တွင် မလေးရှားနှင့် အခြား နိုင်ငံအများအပြားသည် ကြီးမားသော စျေးကွက်တစ်ခုကို ဆုံးရှုံးကြောင်း မဟာသီယာက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရသည် ပိတ်ဆို့အရေးယူမှုများအား သံတမန်ရေးလက်နက်တစ်ခုအဖြစ် တိုးမြှင့်သုံးစွဲလာခဲ့ပြီး အီရန်ထံမှ ရေနံဝယ်ယူသည့် အ ခြားနိုင်ငံများအား အပြစ်ပေးသွားမည်ဟုလည်း ထရန့်က ခြိမ်းခြောက်ခဲ့သည်။
ဒေသတွင်း၌ အီရန်၏ သြဇာလွှမ်းမိုးမှုအား ကန့်သတ်ရန် ကြိုးပမ်းနေသော ထရန့်က နိုင်ငံစုံပါဝင်သည့် ၂၀၁၅ ခုနှစ် အီရန်နျူ ကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် အီရန်အား ပိတ်ဆို့အရေးယူမှုများကို တစ်ဖက်သတ် ပြန်လည်ချမှတ်ခဲ့သည်။
ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားပြီး နောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မဟာသီယာက မလေးရှားကုမ္ပဏီများသည် ရွေးချယ်စရာမရှိသလောက် နည်းပါးကြောင်း၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု များ ကြုံတွေ့နိုင်ရမှုအတွက် စိုးရိမ်မှုကြောင့် လိုက်နာရမည်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ များသောအားဖြင့် ကမ္ဘာကြီးသည် ကူရာမဲ့ ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှားအပါအဝင် နိုင်ငံ ၁၁ နိုင်ငံ ပါဝင်သော ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း မဟာသီယာက ဝေဖန်မှုထပ်မံပြုလုပ်ခဲ့သည်။ ချမ်းသာသော ကုမ္ပဏီများသည် အစိုးရများအား တရားစွဲရန် အခွင့်အာဏာကို ကိုယ့်ကိုယ်ကိုယ် ပေးထားကြကြောင်း၊ ထိုသဘောတူညီချက်၏ သတ်မှတ်ချက်များအား ၎င်းတို့ကပင် ရေးဆွဲခဲ့ကြကြောင်း၊ ၎င်းတို့သည် ပရဟိတလုပ်ငန်းများအတွက် ငွေကြေးလှူးဒါန်းမှု ပြုလုပ်ခဲ့သည့် ဘီလ်ဂိတ်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် မတူကြောင်း မဟာသီယာက ဝေဖန်ခဲ့သည်။
အများစုသည် ၎င်းတို့အား ငွေကြေးပေးရန် သြဇာအာဏာကို အမြတ်ထုတ်ကြကြောင်း မဟာသီယာက ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ် ရွေးကောက်ပွဲတွင် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံ ရင်ဆိုင်နေရသော ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ အာဏာရ ညွန့်ပေါင်းအား အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် တစ်ကျော့ပြန် ဖြစ်လာခဲ့သော မဟာသီယာက ပစိဖိတ်ဖြတ် ကျော်ကုန်သွယ်ရေး သဘောတူညီချက်အား ပြန်လည်ညှိနှိုင်းဆွေးနွေးကြရန် တောင်းဆိုခဲ့သည်။














