FIFA The Best ဆုကို မက်ဆီဆွတ်ခူးရရှိရာတွင် မသမာမှုမရှိကြောင်း FIFA တုံ့ပြန်

FIFA The Best ဆုကို မက်ဆီဆွတ်ခူးရရှိရာတွင် မသမာမှုမရှိကြောင်း FIFA တုံ့ပြန်
Published 28 September 2019

 

ဘာစီလိုနာအသင်းနှင့် အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်သည့် The Best အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိရာတွင် မသမာမှု မရှိကြောင်း FIFA ပြောရေးဆိုခွင့်ရှိသူတစ်ဦး တုံ့ပြန်ပြောကြားသည်။

၂၀၁၉ ခုနှစ်အတွက် FIFA The Best အကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က အီတလီနိုင်ငံ မီလန် မြို့၌ ကျင်းပခဲ့ရာ မက်ဆီက ရမှတ် ၄၆ မှတ်ဖြင့် ပထမ၊ လီဗာပူးလ်အသင်း၏ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်က ၃၈ မှတ်ဖြင့် ဒုတိယ၊ ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒို က ၃၆ မှတ်ဖြင့် တတိယရရှိခဲ့သည်။

မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို စံချိန်တင်အဖြစ် ခြောက်ကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး FIFA ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအမည်ဖြင့်တစ်ကြိမ်(၂၀၀၉)၊ FIFA Ballon d'Or အမည်ဖြင့်လေးကြိမ် (၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅)၊ FIFA The Best အမည်ဖြင့်တစ်ကြိမ် (၂၀၁၉) ရရှိထားသည်။

မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ချန်ပီယံလိဂ်ဂိုးအများဆုံးဆု၊ လာလီဂါ ဂိုးအများဆုံးဆုနှင့် ဥရောပဂိုးအများဆုံး ရွှေဖိနပ်ဆုများ ဆွတ်ခူးရယူနိုင်ခဲ့သော်လည်း အသင်းလိုက်အနေဖြင့် လာလီဂါချန်ပီယံဆုသာရရှိခဲ့သဖြင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသလို မဲပေးရာတွင်လည်း မှားယွင်းမှုရှိကြောင်း စွပ်စွဲမှုများရှိနေသည်။

ကွန်ကာကပ်ဖ်ဒေသမှ နီကာရာဂွါအသင်းခေါင်းဆောင် ဟွမ်ဘာရယ်ရာက မိမိအနေဖြင့် ယခုနှစ်အတွက် မဲပေးခြင်းမရှိသော်လည်း FIFA ၏ ထုတ်ပြန်ချက်တွင် မက်ဆီ၊ မာနေနှင့် စီရော် နယ်လ်ဒိုတို့ကို အစဉ်လိုက်မဲပေးခဲ့သည်ဟု ဖော်ပြထားကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

သို့ဖြစ်ရာ ဘာရယ်ရာ၏စွပ်စွဲမှုနှင့်ပတ်သက်၍ FIFA ပြောရေးဆိုခွင့်ရှိသူက '' နီကာရာဂွါဘောလုံးအဖွဲ့ချုပ်က ပေးပို့လာတဲ့ မဲပေးမှုမှတ်တမ်းကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ အချက်အလက်အားလုံး မှန်ကန်ကြောင်း လက်မှတ်ထိုးထားသလို နီကာရာဂွါဘောလုံး အဖွဲ့ချုပ်ရဲ့ တရားဝင်တံဆိပ်တုံးလည်း ရိုက်နှိပ်ထားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်က ပေးပို့လာတဲ့ မဲစာရွက်နဲ့ FIFA ဝက်ဘ်ဆိုက်က ထုတ်ပြန်မှုကို နှိုင်းယှဉ် စစ်ဆေးတဲ့အခါ မဲပေးခွင့်ရှိတဲ့ကစားသမား ရဲ့လက်မှတ်ဆိုတာလည်း အတည်ပြုနိုင်ပါ တယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့လည်း နီကာ ရာဂွါဘောလုံးအဖွဲ့ချုပ်ကို ညွှန်ကြားထားပါတယ်''ဟု စက်တင်ဘာ ၂၆ ရက်တွင် တုံ့ပြန် ပြောကြားသည်။

နီကာရာဂွါဘောလုံးအဖွဲ့ချုပ်ကလည်း ဘာရယ်ရာအနေဖြင့် မဲပေးခဲ့ခြင်းမရှိသည်မှာ မှန်ကန်ကြောင်း၊ ရာထူးမှထုတ်ပယ်ခံရသည့် အရာရှိဟောင်းက ယခင်နှစ်မှ ဘာရယ်ရာ၏ လက်မှတ်ဖြင့် ပေးပိုခဲ့ခြင်းဖြစ်ကြောင်း ယင်းနေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။

ထို့အပြင် အီဂျစ်အသင်းနည်းပြနှင့် အသင်းခေါင်းဆောင်တို့က ဆာလာကို အကောင်းဆုံးဆုအတွက် မဲပေးသော်လည်း ပယ်မဲဖြစ်ခဲ့ခြင်းမှာ စာလုံးအကြီး (Capital Letters) ဖြင့် ရေးသားထားသလို ဘောလုံးအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးလက်မှတ် မပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း FIFA က ပြန်လည်ရှင်းလင်းခဲ့သည်။

 

Most Read

Most Recent