၂၀၂၀ ပြည့်နှစ် Super Bowl တွင် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့ ဖျော်ဖြေမည်

၂၀၂၀ ပြည့်နှစ် Super Bowl တွင် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့ ဖျော်ဖြေမည်
Photo : AP
Photo : AP
Published 27 September 2019

အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီရှိ Hard Rock အားကစားရုံ၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ရက်တွင်ပြုလုပ်မည့် Super Bowl ပြိုင်ပွဲ၏ အားလပ်ချိန် ဖျော်ဖြေရေး အစီအစဉ်တွင် ပေါ့ပ်အကျော်အမော်များ ဖြစ်သည့် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့ ဖျော်ဖြေမည်ဟု NEL က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ဂျေလိုဟု ပရိသတ်များက ခေါ်ဆိုသည့် ဂျနီဖာလိုပက်ဇ်က ၎င်းနှင့် ရှကီယာ၏ ပုံကို Twitter တွင် ဖော်ပြခဲ့ပြီး အဆိုပါသတင်းကို အတည်ပြုခဲ့သည်။

ယခုနှစ်ဖျော်ဖြေပွဲအစီအစဉ်သည် ရက်ပ် အဆိုတော် ဂျေဇီး တည်ထောင်ထားသည့် RocNation ကုမ္ပဏီက ပထမဆုံး စီစဉ်ထုတ်လုပ်မည့် ဖျော်ဖြေပွဲဖြစ်လာမည်ဖြစ်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ကိုလံဘီယာအဆိုတော် ရှကီယာသည် ကမ္ဘာတွင်ရောင်းအားအကောင်းဆုံး လက်တင်အမေရိက အဆိုတော်တစ်ဦးဖြစ်ပြီး ဂရမ်မီဆုသုံးဆု ရရှိထားသူလည်းဖြစ်သည်။ ရှကီယာသည် ၂၀၀၆ ခုနှစ်တွင် Hips Don’t Lie သီချင်း ဖြင့် နိုင်ငံတကာတွင် ထင်ရှားခဲ့သူဖြစ်သည်။ ကြီးကျယ်ခမ်းနားသည့် ဖျော်ဖြေပွဲမျိုးတွင် ပါဝင်ခွင့်ရမည်ဟု မမျှော်မှန်းခဲ့ကြောင်း ရှကီယာက ပြောကြားခဲ့သည်။

အသက် ၅ဝရှိပြီဖြစ်သည့် လိုပက်ဇ်သည် Love Don’t Cost a Thing အစရှိသည့် သီချင်းများဖြင့် အောင်မြင်ခဲ့သည်။  သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် လိုပက်ဇ်သည် လတ်တလောဖြန့်ချိထားသည့် Hustlers ဇာတ်ကားဖြင့် အော်စကာဆုအတွက် လျာထားခံရနိုင်ခြေရှိသည်ဟု ဝေဖန်ရေးသမား များက ခန့်မှန်းခဲ့ကြသည်။

“ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးစင်မြင့် တစ်ခုမှာ ကျွန်မတို့ အမျိုးသမီးတွေ ဘယ်လိုဖျော်ဖြေနိုင်တယ်ဆိုတာ ပြသဖို့ အရမ်း စိတ်လှုပ်ရှားနေတယ်”ဟု လိုပက်ဇ်က ပြောကြားခဲ့သည်။

Super Bowl ပြိုင်ပွဲအားလပ်ချိန် ဖျော်ဖြေပွဲသည် ကမ္ဘာတွင် လူကြည့်အများဆုံး ဖျော်ဖြေပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် လူ ၉၈သန်းကျော် ကြည့်ရှုခဲ့သည်။ ကေတီပယ်ရီ ဖျော်ဖြေခဲ့သည့်၂၀၁၅ ခုနှစ် ဖျော်ဖြေပွဲသည် ပရိသတ်ကြည့်ရှုမှု အများဆုံးဖြစ်ပြီး ၁၂၀.၇ သန်းကျော် ရှိခဲ့သည်။

ယခုနှစ် Super Bowl ပြိုင်ပွဲနှင့် ဖျော် ဖြေရေးအစီအစဉ်ကို FOX ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

Most Read

Most Recent