မန်ယူအသင်း၏ Official Financial Services Partner အဖြစ် CB Bank နှင့်လက်တွဲ

မန်ယူအသင်း၏ Official Financial Services Partner အဖြစ် CB Bank နှင့်လက်တွဲ
Photos : EMG
Photos : EMG
Published 23 September 2019

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း၏ Official Financial Services Partner အဖြစ် မြန်မာနိုင်ငံ ရှိ CB Bank နှင့် ပထမဆုံးအကြိမ် လက်တွဲခဲ့ပြီး ယခုသဘောတူညီမှုနှင့် ပူးပေါင်းမှုတို့အတွက် တရားဝင် မိတ်ဆက်အသိပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရ သည်။

CB Bank နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့သည် Credit Card၊ Prepaid Card များအပါအဝင် Visa Card များ ထုတ်လုပ်ရာတွင် မန်ယူအသင်း၏ပုံရိပ်အသုံးပြုခွင့်ရရန် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ငါးနှစ်တာကာလအတွက် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း CB Bank ၏ ကတ်ဌာန General Manager ဦးဇေယျာအောင်က ပြောကြား သည်။

''ကျွန်တော်တို့အနေနဲ့ Prepaid Card၊ Visa Card တွေကို ဒီဇိုင်းသုံးမျိုးရေးဆွဲထားတယ်။ လာမယ့်အောက်တိုဘာလလယ် လောက်မှာထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်။ ကတ်တွေမှာ ယူနိုက်တက်လိုဂိုနဲ့ အသုံးပြုသူရဲ့နာမည်ကို ထိုးလို့ရမယ်။ ဒီကတ်တွေသုံး ခြင်းအားဖြင့် ပွိုင့်သတ်မှတ်ထားတာတွေရှိ တယ်။ အဲဒီကနေတစ်ဆင့် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးပွဲကြည့်ဖို့ ကံစမ်းနိုင်သလို ပွဲရလဒ်တွေ ခန့်မှန်းပြီးတော့ အသင်းရဲ့ ဂျာစီကို ကံစမ်းပိုင်ခွင့်တွေ ရမှာဖြစ်ပါတယ်''ဟု ဦးဇေယျာအောင်က ပြောကြားသည်။

''မန်ချက်စတာယူနိုက်တက်အနေနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေအတွက် CB Bank နဲ့လက်တွဲပြီး ထူးခြားတဲ့အခွင့်အရေးတွေနဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်''ဟု မန်ယူအသင်း၏ Partnerships ဒါရိုက်တာ ဂျက်ဖာဆင်က ပြောကြားသည်။

ယခု အခမ်းအနားသို့ မန်ချက်စတာယူနိုက်တက်အသင်းကစားသမားဟောင်း ဒွိုက်ယော့ခ် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent