မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်အပြီးတွင် ပြည်တွင်းပြိုင်ပွဲများအတွက် လေ့ကျင့်မှုရပ်နားထားပြီး စက်တင်ဘာ ၂၃ ရက်မှစတင်ကာ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကစားမည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ ကစားသမားများမှာမူ ဗိုလ်လုပွဲပြီးမှ ယူ-၂၂ အသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် သြဂုတ်နောက်ဆုံးပတ်တွင် ပဏာမကစားသမား ၃၈ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားခဲ့သည်။
စတင်ဖွဲ့စည်းချိန်တွင်ပါဝင်ခဲ့သည့် ကစားသမားအချို့မှာ အသင်းနှင့်အံမဝင်သောကြောင့် ပြန်လည်စေလွှတ်ခဲ့ပြီး စစ်ကိုင်း အသင်းတောင်ပံကစားသမား မျိုးမင်းဖြိုးကို အသစ်ပြန်လည်ရွေးချယ်ထားသည်။
ယခုရွေးချယ်ထားသည့် လူစာရင်းတွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်နေသော မြန်မာ့လက်ရွေးစင်အသင်းလူစာရင်း၌ ပါဝင်ဖွယ်ရှိသည့် ကစားသမားအချို့ ရွေးချယ်ခံထားရကြောင်း သိရသည်။
သို့ဖြစ်ရာ ယင်းကစားသမားများကို ရွေးချယ်ရန်အတွက် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်နှင့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်တို့ ပြန်လည်ညှိနှိုင်းရမည်ဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ရထားပြီး မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် အသက်ကျော်ကစားသမားရွေးချယ်ရန် ကစားသမား ငါးဦးကို ပဏာမအဆင့် ရွေးချယ်ထားသည်။
ပိုပေါ့ဗ်သည် အသက် ၂၂ နှစ် ကျော်လွန်သည့် ကစားသမားများစာရင်းကို မကြာမီထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်း ပဏာမလူစာရင်း
နည်းပြချုပ်-ပိုပေါ့ဗ်၊ လ/ထနည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော် ကျော်၊ ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ နောက်တန်း-ကျော်သူထွန်း၊ ဝင်းမိုးကျော် (မကွေး)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ စိုးမိုးကျော် (ဧရာဝတီ)၊ ရဲရင့်အောင်-၁ (ရတနာပုံ)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ အလယ်တန်း-လွင်မိုးအောင် (ဧရာဝတီ)၊ နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်း ထွန်း၊ ဇေယျာနိုင် (မကွေး)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ပြည့်စုံနိုင် (ရတနာပုံ)၊ ကောင်း ထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ဇွဲသက်ပိုင်(ရှမ်း)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ရှေ့တန်း-အောင်ကောင်းမာန် (ဧရာဝတီ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ သန့်ဇင်မြင့် (အား/ကာသိပ္ပံ)















