အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး အဂတိလိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေပြောကြား

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး အဂတိလိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေပြောကြား
စက်တင်ဘာ ၁၉ ရက်က အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်စဉ်
စက်တင်ဘာ ၁၉ ရက်က အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်စဉ်
Published 20 September 2019
သီဟအောင်

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပြီး အဂတိ လိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်ရမန်ယူပြီး ယခင်ရုံးထုတ်ကကဲ့သို့ BPI ဆေးဝါးစက်ရုံမှဝန်ထမ်းများ လာရောက် ဝန်းရံခဲ့ခြင်းမရှိကြောင်း သိရသည်။

ရုံးချိန်းအား လာမည့်အောက်တိုဘာ ၂ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့တွင် ဒေါက်တာအောင်ဇော်အား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ရုံးထုတ်မည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်က ဖမ်းဆီးခံထားရတဲ့ ဒေါက်တာဘက်က လိုက်ပါဆောင်ရွက်ပေးမှာပါ။ ဒီကနေ့က ကျွန်တော်တို့ မူလသိထားတာက တိုင်းတရားလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတင်မယ်ဆိုတာ သိထားတာ။ တစ်ဖက်က တရားစွဲတဲ့အဖွဲ့အနေနဲ့ အမှုတည်ဆောက်မှုတွေ လိုအပ်နေသေးလို့ တရားစွဲမတင်သေးဘဲ ချုပ်ရမန်ယူတာပါ။ အောက်တိုဘာ ၂ ရက်အထိ ယူတာပါ။ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအောင်ဇော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးမယူရပါဘူး။ ပြောရမယ်ဆိုရင် နိုင်ငံဝန်ထမ်းဥပဒေနဲ့သာ အရေးယူရမှာပါ။ ကျွန်တော် ဘာလို့ခိုင်ခိုင်မာမာ ပြောဆိုရလဲဆိုတော့ ဒေါက်တာအောင်ဇော်က မရိုးမဖြောင့် ဆောင်ရွက်ခဲ့တာ မရှိဘူး။ မမှန်မကန် ပြုလုပ်ခဲ့ခြင်းလည်း မရှိဘူး။စွဲဆိုထားတဲ့ ငွေကြေးတံစိုးလက်ဆောင်ရယူပြီးတော့ အဂတိလိုက်စားတာလည်း မရှိဘူးဆိုတာ အခိုင်အမာပြောလိုပါတယ်။ သူ့ကို စွပ်စွဲထားတဲ့ ကော်စေ့ ၂၆ တန် သုံးစွဲခဲ့တာနဲ့ ပတ်သက်လို့ စက်ရုံမှာ ကုန်ကြမ်းမရှိတဲ့အတွက် ထုတ်လုပ်မှုတွေကို အမှာစာတွေအရ  အားဂျန့်ဆောင်ရွက်ရလို့ ကုန်ကြမ်းပြတ်လပ်နေတာကို သူဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို စာအားဖြင့်လည်း အထက်ရုံးအသီးသီးကို တင်ပြခဲ့တာ အထောက်အထားရှိပါတယ်။ နှုတ်နဲ့လည်း တင်ပြထားပါတယ်။တင်ပြတော့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်တိုင်က ထုတ်လုပ်မှုက ပြတ်လို့မရဘူး။ အထက်အမိန့်အရ ဆောင်ရွက်တာဖြစ်လို့ သူ့တာဝန်ကို အလွဲသုံးစားလုပ်တယ်လို့ မပေါ်ပေါက်ပါဘူး။တံစိုးလက်ဆောင်ကို ဒေါက်တာအောင်ဇော်ရတယ်လို့ အထောက်အထား မရှိသလို မပေါ်ပေါက်ပါဘူး” ဟု ဖမ်းဆီးခံထားရသူ ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေက ပြောကြားသည်။

အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ -၅၆ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၆ ရက်က တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါက်တာအောင်ဇော်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်းဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား  အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ ကော်မရှင်က စစ်ဆေးရာ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာ အောင်ဇော်သည် ဆေးဝါးထုပ်ပိုး ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မြန်မာဆေးဝါးလုပ်ငန်းမှာ စက်မှုဝန်ကြီးဌာနလက်အောက်တွင် တည်ရှိပြီး ယင်းဆေးဝါးလုပ်ငန်းအောက်တွင် အင်းစိန်ဆေးဝါးစက်ရုံနှင့် အင်ရောင်းဆေးဝါးစက်ရုံ အစရှိသည့် စက်ရုံများရှိသည်။

အင်းစိန်ဆေးဝါးစက်ရုံမှာ အိမ်သုံးအင်္ဂလိပ်ဆေးဝါးများကို ထုတ်လုပ်ကာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။အင်းစိန်ဆေးဝါးစက်ရုံ BPI နှင့် အင်ရောင်းရှိ ဆေးဝါးစက်ရုံတို့အနက် အင်ရောင်းစက်ရုံရှိ သွေးကြောသွင်းဆေးရည်ဘူး အဆောက်အအုံကို ယခုနှစ် ဧပြီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံမှ နှစ်စဉ်သွေးကြောသွင်း ဆေးရည်ဘူး ၁၀ သန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

 

 

Most Read

Most Recent