အစိုးရအနေဖြင့် ကျိုင်းတုံဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန်အထိ ပြင်ဆင်ထားခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု အစိုးရကိုယ်စားလှယ် ပြောကြား

အစိုးရအနေဖြင့် ကျိုင်းတုံဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန်အထိ ပြင်ဆင်ထားခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု အစိုးရကိုယ်စားလှယ် ပြောကြား
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Published 18 September 2019
ကျော်ဇင်ဝင်း၊ မင်းနိုင်စိုး

အစိုးရအနေဖြင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန်အထိ ပြင်ဆင်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု အစိုးရကိုယ်စားလှယ်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) မှ ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့အကြား Bilateral လက်မှတ်ရေးထိုးရေးသည် အစိုးရ၏ ရပ်တည်ချက်ဖြစ် သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။ 

“အဓိကအားဖြင့် ကျွန်တော်တို့ အစိုးရဘက်ကတော့ Position က ဘာလဲဆိုတော့ ဒီနေ့ Bilateral Agreement ညှိလို့ သဘောတူပြီးသွားပြီဆိုရင် ကျွန်တော်တို့က လက်မှတ်ထိုးဖို့အထိ ကျွန်တော်တို့ ပြင်ထားတယ်။ဘယ်လောက်အထိလဲဆိုတော့ ဟုတ်ပြီ ဒီလာတဲ့ မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ် အဖွဲ့က လက်မှတ်ထိုးဖို့ Mandate ပါမလာရင် ရတယ်။ မိုင်းလား ပြန်၊ ပြန်ပြီးတော့ သူ့ ရဲ့သက်ဆိုင်ရာ ဗဟိုဌာနချုပ်တွေဆီကို သတင်းပို့၊ ဒီမှာ ကျွန်တော်တို့ ကျိုင်းတုံမှာ ညအိပ်စောင့်မယ်၊ နောက်နေ့ ထပ်တွေ့မယ်။ လက်မှတ်ထိုးဖို့အထိ ကျွန်တော်တို့ဘက်က အဲဒီလိုမျိုး ကမ်းလှမ်းတယ်။ သို့သော် ဒီ မြောက်ပိုင်းလေးဖွဲ့က သဘောထားက သူတို့သည် ဆွေးနွေးရေးအဖွဲ့ ဖွဲ့ထားတာ ဖြစ်တယ်။ သူတို့ လက်မှတ်ထိုးဖို့ Mandate ပါ မလာဘူး။ ပါမလာတော့ ကျွန်တော်တို့ အခု သဘောတူလိုက်တယ်။ အဲဒါကြောင့်မို့လို့ ဒီလို Bilateral Ceasefire Agreement ထိုးဖို့ သူတို့မှာ Mandate ပါမလာတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ညှိလိုက်တယ်။ ညှိလိုက်ပြီးတော့ သဘောတူညီချက် ကျွန်တော်တို့ ယူလိုက်တယ်။ အစည်းအဝေး မှတ်တမ်း၊ အစည်းအဝေး သဘောတူညီချက် ဒီလို လုပ်လိုက်တာဖြစ်တယ်။ ဒီအပေါ်မှာ ဒီအချက်တွေကလည်း ဘယ်မှာပါမယ့် ဟာတွေလည်း ဆိုတော့ Bilateral မှာ ပါမယ့်ဟာတွေ။ အကယ်၍ သူတို့မှာ Mandate ပါလာရင် ကျွန်တော်တို့ လက်မှတ်ထိုးနိုင်တဲ့ အနေအထားတစ်ခုအထိ ရောက်နိုင်တယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ကြောင့် အဓိကအားဖြင့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် Bilateral လက်မှတ် မရေးထိုးနိုင်ခြင်းမှာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တွင် Mandate ပါမလာခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်မှတ်ရေးထိုးရန် ပြန်လည်တင်ပြလာမည်ဖြစ်ကာ လတ်တလောတွင် ဆွေးနွေးပွဲမှ ရရှိလာသော သဘောတူညီချက်များကို အစည်းအဝေးမှတ်တမ်း အနေဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲမှ ရရှိလာသည့် အစည်းအဝေးမှတ်တမ်းအနေဖြင့် သဘောတူညီခဲ့သည့် အချက်များကို အစိုးရဘက်မှ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြောက်ပိုင်းမဟာ မိတ်လက်နက်ကိုင်လေးဖွဲ့ ကိုယ်စားလှယ် လေးဦးက လက်မှတ်ရေးထိုးခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားသကဲ့သို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ AA တို့ ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆိုပါ ဒေသတွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကာ ယခုတွေ့ဆုံဆွေးနွေးမှုကြောင့် တိုးတက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အဲဒီတော့ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဆွေးနွေးမှုတွေက မပြတ်လုပ်ရင်း လုပ်ရင်းနဲ့ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတဲ့အခါမှာ သဘောထားတွေ ပိုပြီးတော့ သိလာတယ်။ သိလာတဲ့အတွက်လည်းဒီအပေါ်ကနေ သက်ရောက်မှု၊ ကောင်းကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့တော့ ကျွန်တော်တို့ မျှော်မှန်းထားတယ်”ဟု ၎င်းက ပြောကြားသည်။  

 

 

Most Read

Most Recent