မက်ဆီအား ခေါ်ယူရန်အတွက် ၎င်း၏ဖခင်ဖြစ်သူနှင့် ဆွေးနွေးရန် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ် ကိုယ်စားလှယ်စေလွှတ်ခဲ့ဟု သတင်းထွက်

မက်ဆီအား ခေါ်ယူရန်အတွက် ၎င်း၏ဖခင်ဖြစ်သူနှင့် ဆွေးနွေးရန် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ် ကိုယ်စားလှယ်စေလွှတ်ခဲ့ဟု သတင်းထွက်
Published 16 September 2019

 

မေဂျာလိဂ် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ခေါ်ယူရန်အတွက် မက်ဆီ၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ မက်ဆီ၏ ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

သို့သော် မက်ဆီအနေဖြင့် ဆန္ဒရှိပါက ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ရရှိထားကြောင်း သိရှိရသည်။

ထို့ကြောင့် လာမည့် ၂၀၂၀ ရာသီတွင် မေဂျာလိဂ်ပြိုင်ပွဲ၌ စတင်ဝင်ရောက်ယှဉ်ပြိုင်မည့် အင်တာမိုင်ယာမီအသင်းသည် မက်ဆီကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ၎င်း၏အသင်းကို နာမည်ကြီးကစားသမားများဖြင့် ဖွဲ့စည်းရန်ဆန္ဒရှိနေပြီး ယခုအခါ မက်ဆီကိုခေါ်ယူရန်အတွက် ၎င်း၏ဖခင်ဖြစ်သူနှင့်ဆွေးနွေးရန် ကိုယ်စားလှယ်တစ် ဦး စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် အသင်း၏ အဓိကကစားသမားဖြစ်သူ မက်ဆီကို လက်လွှတ်လိုခြင်းမရှိဘဲ တစ်သက်တာစာချုပ်ချုပ်ဆိုရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီသာ ထွက်ခွာမည်ဆိုပါက တားဆီးမည်မဟုတ်ဘဲ ကစားသမား၏ဆန္ဒအတိုင်း လိုက်လျောသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဘာတိုမူက ပြောကြားခဲ့သည်။

ထို့ကြောင့် ဘက်ခမ်သည် မက်ဆီကို ခေါ်ယူရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent