ပထမဆုံးပြန်ကစားသည့်ပွဲတွင် လှောင်ပြောင်ခံရသော်လည်း ပြဿနာမရှိဟု နေမာ တုံ့ပြန်

ပထမဆုံးပြန်ကစားသည့်ပွဲတွင် လှောင်ပြောင်ခံရသော်လည်း ပြဿနာမရှိဟု နေမာ တုံ့ပြန်
Published 16 September 2019

 

PSG အသင်းတိုက်စစ်မှူး နေမာက အပြောင်းအရွှေ့ကာလအပြီး ပထမဆုံးပြန်လည်ကစားသည့်ပွဲ၌ ပရိသတ်များ၏လှောင်ပြောင်မှုခံရသော်လည်း ပြဿနာမရှိကြောင်း တုံ့ပြန်ပြောကြားသည်။

နေမာသည် ဒဏ်ရာပြဿနာနှင့် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့လိုသည့် အခြေအနေကြောင့် PSG အသင်း၏ ရာသီ ကြိုခြေစမ်းပွဲများနှင့် ရာသီအစပွဲစဉ်လေးပွဲကို လွဲချော်ခဲ့ပြီး ယခုတစ်ပတ် စထရာဘိုးနှင့်ပွဲမှသာ ပထမဆုံးအကြိမ် ပါဝင်ကစားခြင်းဖြစ်သည်။ 

ပရိသတ်များသည် ပွဲမစတင်မီ ၎င်း၏နာမည်ကြေညာစဉ်ကတည်းက လှောင်ပြောင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးတစ်ကြိမ်ထိတိုင်းလည်း လှောင်ပြောင်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် အမာခံပရိသတ်အချို့က ၎င်းအား ဘရာဇီးလ်ရှိ ပြည့်တန်ဆာများပေါများသည့် Vila Mimosa ဒေသသို့ ရောင်းချရန်အပါအဝင် ဝေဖန်တိုက်ခိုက်သည့်စာသားများကို ပိုစတာအဖြစ် ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ 

သို့သော် နေမာသည် ပွဲပြီးခါနီး နာကျင်အချိန်ပို နှစ်မိနစ်တွင် နောက်ပြန်ကန်ချက်ဖြင့် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူ ပေးခဲ့သလို မိနစ်ပိုင်းအကြာတွင် တစ်ဂိုးထပ်သွင်းသော်လည်း လူကျွံသတ်မှတ်ခံရသဖြင့် (၁-၀) ဂိုးဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် နေမာက ''ပရိသတ်တွေကိုရော PSG အသင်းကိုပါ အတိုက်အခံ ဘာမှမလုပ်ဘူးဆိုတာ ရှင်းပြချင်ပါတယ်။ ကျွန်တော် ထွက်ခွာချင်ခဲ့တယ်ဆိုတာ အားလုံးလည်းသိပါတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ်တော့ မပြောချင်တော့ပါဘူး။ အခုက နောက်တစ်မျက်နှာကိုလှန်ရတော့ မယ့်အချိန်ပါ။ ဒီနေ့မှာ ကျွန်တော်က PSG ကစားသမားတစ်ယောက်ဖြစ်ပြီး ကွင်းထဲမှာ အကောင်းဆုံးပေးဆပ်သွားမှာပါ။ အားလုံးက ကျွန်တော့်ကို ၀ိုင်းလှောင်နေတာကတော့ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး''ဟု ပြော ကြားသည်။