မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းပရိသတ်များအနေဖြင့် ပွဲတိုင်းအနိုင်ရမည်ဟု မျှော်လင့်မထားကြရန် နောဝှစ်ချ်အသင်းအား ရှုံးနိမ့်ပြီးနောက် ပြောကြားခဲ့သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းပရိသတ်များအနေဖြင့် ပွဲတိုင်းအနိုင်ရမည်ဟု မျှော်လင့်မထားကြရန် နောဝှစ်ချ်အသင်းအား ရှုံးနိမ့်ပြီးနောက် ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် စနေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဝေးကွင်း၌ တန်းတက် နောဝစ်ချ်အသင်းကို (၂-၃)ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရသည်။
နောဝစ်ချ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် မန်စီးတီးနောက်ခံလူများဖြစ်သည့် ဂျွန်စတုန်းစ်နှင့် အော်တာမန်ဒီတို့မှာ အမှားများခဲ့သော်လည်း ဂွါဒီယိုလာက မိမိအနေဖြင့် အသင်းကစားသမားများအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းနှင့် အသင်းအကြောင်းကို ကောင်းကောင်းသိကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "မန်စီးတီးအသင်းအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကစားသမားတွေ ဘာလုပ်နိုင်တယ်။ ဘာလုပ်ပြမယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကစားသမားတွေအပေါ် ကျွန်တော့်အနေနဲ့ ယုံကြည်မှုအပြည့်ရှိပြီး သူတို့နဲ့ လက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့ ပြိုင်ပွဲပါ။ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ ပွဲတိုင်းနိုင်မယ်။ ရာသီတိုင်း အမှတ် (၁၀၀) ရမယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ ကျွန်တော်တို့ ပြန်လာမှာပါ။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ရှိပြီး အဲဒီပွဲပြီးသွားရင် ကျွန်တော်တို့ ပြန်လာမှာပါ"ဟု ပြောကြားခဲ့သည်။
အဆိုပါရှုံးပွဲကြောင့် မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးမှာပင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၅) မှတ်အထိ ကွာဟသွားခဲ့သည်။















