ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ လီဗာပူးလ်

ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ လီဗာပူးလ်
Photos: Twitter
Photos: Twitter
Published 14 September 2019

■ လီဗာပူးလ် ၃-၁ နယူးကာဆယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၅)ရဲ့ စနေနေ့ အစောဆုံးပွဲမှာတော့ လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ (၃-၁) ဂိုးနဲ့ အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းတိုက်စစ်မှာ ဖေမီနိုကို အနားပေးထားကာ မာနေ၊ ဆာလာ၊ အော်ရီဂီတို့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဝိုင်နယ်လ်ဒမ်နဲ့ ချိန်ဘာလိန်တို့ ကစားခဲ့ကြပါတယ်။ 

နယူးကာဆယ်ကတော့ ၄-၅-၁ ပုံစံမှာ ဂျိုလင်တန်ကို အထောင်ထားပြီး အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ 

ပွဲအစကတည်းက လီဗာပူးလ်အသင်း တိုက်စစ်ဖွင့်ဖို့ ကြိုးစားပေမယ့် နယူးကာဆယ်အသင်းအနေနဲ့ အကောင်းဆုံးတုံ့ပြန်ခဲ့ပြီး အဖွင့်ဂိုးတောင် ရယူနိုင်ခဲ့ပါတယ်။ 

နယူးကာဆယ်အတွက် အဖွင့်ဂိုးကို ပွဲချိန် (၇) မိနစ်မှာပဲ နောက်ခံလူ ဝီလမ်က အာနိုးလ် တားဆီးနေတဲ့ကြားက လှလှပပကန်သွင်းယူခဲ့တာပါ။ 

အဲဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ချေပဂိုးတင်ကစားခဲ့ပြီး ပွဲချိန် (၂၈) မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ ရောဘတ်ဆန်ချပေးတာကို မာနေက လှလှပကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ပွဲချိန် (၃၇) မိနစ်မှာတော့ အော်ရီဂီ ဒဏ်ရာရသွားလို့ ဖေမီနိုနဲ့ လူစားလဲခဲ့ရပြီး ဖေမီနို ဝင်လာပြီးနောက်မှာ လီဗာပူးလ်တိုက်စစ်က ပိုထက်မြက်လာခဲ့ပါတယ်။ 

ဒါကြောင့် ပွဲချိန် မိနစ် (၄၀) မှာ ဖေမီနိုရဲ့ မျောထိုးပေးမှုကို နယူးကာဆယ်ဂိုးသမား ကာကွယ်ခဲ့ပေမယ့် အသင့်လိုက်ပါလာတဲ့ မာနေနဲ့ ထိပြီး ပြန်ထွက်လာတာကို မာနေက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ အသာအယာကန်သွင်းကာ လီဗာပူးလ်အသင်းကို ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲကို လီဗာပူးလ်အသင်းကပဲ ဦးဆောင်ကစားပြီး ထိုးဖောက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ 

နယူးကာဆယ်ကတော့ လီဗာပူးလ်တိုက်စစ်ကို ထိန်းဖို့ ကြိုးစားရင်းနဲ့ပဲ နောက်တန်းမှာပဲ အချိန်ကုန်ခဲ့ရတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အတွက် တတိယဂိုးကိုတော့ ဆာလာက ဖေမီနိုနဲ့ ဝမ်းတူးရိုက်ပြီး နယူးကာဆယ်နောက်တန်းကို ကျော်ဖြတ်ကာ သွင်းယူခဲ့တာပါ။ 

ကျန်ပွဲချိန်တွေမှာလည်း လီဗာပူးလ်အသင်း ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးထပ်မရခဲ့လို့ ပွဲအပြီးမှာတော့ (၃-၁) ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 

Most Read

Most Recent