ရီးယဲလ်မက်ဒရစ်အသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် ၀ါရင့်ကွင်းလယ်လူ မိုဒရစ်ထပ်တိုးလာပြီး လီဗန်တေးအသင်းနှင့်ပွဲအပြင် PSG အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
မိုဒရစ်သည် စက်တင်ဘာ ၉ ရက်က ခရိုအေးရှားအသင်းနှင့် အဇာဘိုင်ဂျန်အသင်း တို့ကစားသည့် ယူရိုခြေစစ်ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားပြီးနောက် မက်ဒရစ်သို့ပြန်လည် ရောက်ရှိလာခဲ့သည်။
၎င်းသည် စက်တင်ဘာ ၁၁ ရက်တွင် အပေါ့စားလေ့ကျင့်မှုပြုလုပ်နိုင်ခဲ့သော်လည်း ယာဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ရီးယဲလ်အသင်းက စက်တင်ဘာ ၁၂ ရက်တွင် အတည်ပြုထုတ်ပြန်သည်။

ရီးယဲလ်အသင်းက ဒဏ်ရာအခြေအနေနှင့် အနားယူရမည့်ကာလကို ထုတ်ပြန်ခြင်းမရှိသော်လည်း ပေါင်ခြံဒဏ်ရာရရှိခြင်းဖြစ်ကြောင်းနှင့် အနည်းဆုံး နှစ်ပတ်မှ သုံးပတ်အထိ အနားယူရဖွယ်ရှိကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
သို့ဖြစ်ရာ မိုဒရစ်သည် လီဗန်တေးအသင်းနှင့် ယနေ့ကစားမည့် လာလီဂါပွဲအပါအဝင် စက်တင်ဘာ ၁၈ ရက်တွင် PSG အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကိုပါ လွဲချော် ဖွယ်ရှိနေခြင်းဖြစ်သည်။
၎င်း၏ဒဏ်ရာမှာ ကွင်းလယ်ကစားသမားများ ဒဏ်ရာပြဿနာကြုံတွေ့နေရသည့် ရီးယဲလ်အသင်းအတွက် သတင်းဆိုး ဖြစ်ပြီး အစ္စကိုနှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့လည်း ဒဏ်ရာရရှိထားသည်။

ထို့ကြောင့် ကွင်းလယ်နေရာအတွက် တိုနီကရို့စ်၊ ကက်စ်မဲရိုးနှင့် ဗယ်လ်ဗာဒီတို့သုံးဦးသာ ရွေးချယ်စရာကျန်ရှိတော့ပြီး ကက်စ်မဲရိုးမှာလည်း စက်တင်ဘာ ၁၂ ရက်မှသာ အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသဖြင့် ပွဲပန်းသည့်ဒဏ်ခံစားရဖွယ်ရှိနေသည်။
ရီးယဲလ်အသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ဇူလိုင်ဒုတိယပတ်နောက်ပိုင်း နှစ်လအတွင်း ကစားသမား ၁၀ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အနက် ဘရာဟင်ဒီယက်ဇ်က ဒဏ်ရာနှစ်ကြိမ်ရရှိခဲ့ပြီး အဆန်စီယို၊ မန်ဒီ၊ ယိုဗစ်၊ ကော်တိုအာ၊ ရိုဒရီဂို၊ ဟာဇက်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ အစ္စကို နှင့် မိုဒရစ် စသည့် အဓိကကစားသမားများ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်သည်။















