စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေခေါင်းစဉ်သည် နောင်လာမည့် ဝင်ငွေခွန် ဥပဒေသစ် ပြဋ္ဌာန်းသည့်အခါ ပါဝင်တော့မည်မဟုတ်ဘဲ နောင်တွင် စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဟု  စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေခေါင်းစဉ်သည် နောင်လာမည့် ဝင်ငွေခွန် ဥပဒေသစ် ပြဋ္ဌာန်းသည့်အခါ ပါဝင်တော့မည်မဟုတ်ဘဲ နောင်တွင် စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဟု  စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 12 September 2019
စိုးမင်းထိုက်၊ စည်သူ

စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေခေါင်းစဉ်သည် နောင်လာမည့် ဝင်ငွေခွန် ဥပဒေသစ် ပြဋ္ဌာန်းသည့်အခါ ပါဝင်တော့မည် မဟုတ်ဘဲ နောင်တွင် စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ် ဝန်ကြီးဌာနများက ပြန်လည် ရှင်းလင်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တည်ဆဲဝင်ငွေခွန်အရ ခွင့်ပြုထားတဲ့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေ (သို့မဟုတ်) စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်ဟာ နောင်လာမယ့် ဝင်ငွေခွန်ဥပဒေအသစ် ပြဌာန်းတဲ့အခါမှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။ နောင်မှာ စည်းကြပ်မှုက လွတ်ကင်းတဲ့ ဝင်ငွေများနဲ့ ပတ်သက်၍  တည်ဆဲဥပဒေများနဲ့ အညီသာ လိုက်နာ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများအပေါ် အခွန်နှုန်းထားများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာန၏ စွမ်းဆောင်ရည်နှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်လာစေနိုင်မှုတို့အပေါ် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ထောက်ပြထားခြင်းများသည် အပြုသဘောဖြင့် ထောက်ပြချက်ဖြစ်၍ အလေးထား ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း အတွေ့အကြုံရှိပြီး ဖြစ်ကြောင်းနှင့် ယင်းအတွေ့အကြုံအရ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာရယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဆိုရှယ် လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သည့်အချိန် က ပုဂ္ဂလိကဏ္ဍထက် နိုင်ငံပိုင်နှင့် သမဝါယမကဏ္ဍများကိုသာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သဖြင့် ပုဂ္ဂလိကကဏ္ဍမှ အခွန်ပေးဆောင်သည့် အလေ့အကျင့်နည်းပါးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း အခွန်ပေးဆောင်သည့် အလေ့အထတွင် ယနေ့ထိများစွာ တိုးတက်ဖွံ့ဖြိုးလာမှု မရှိသေးကြောင်း တွေ့ရှိရသည်ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် စီးပွားဖြစ်ထွန်းမှု ရှိသော်လည်း အခွန်အပြည့်အဝ ပေးဆောင်ထားမှု မရှိသော ငွေကြေးအမြောက်အမြား လက်ဝယ်ထားရှိ ပိုင်ဆိုင်ထားကြခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အခွန်ပေးဆောင်ထားမှု မရှိသဖြင့် ၎င်းငွေများကို သုံးစွဲရန် နှောင့်နှေးနေခြင်း စသည့်တို့ကို တွေ့ရှိရပြီး ရွှေ့ပြောင်း/မရွေ့ပြောင်းနိုင်သော အခြေပြပစ္စည်းများ ဝယ်ယူကြရာတွင်လည်း တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေကြောင်းနှင့် ယင်းသို့ အကြောင်းအမျိုးမျိုးကြောင့် တိမ်မြှုပ်နေသော ငွေပင်ငွေရင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးလည်ပတ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် ထိခိုက်စေလျက်ရှိကြောင်း ဒုတိယဝန်ကြီးက  ဆိုသည်။

ကျန်းမာရေးကို ထိခိုက်စေသော စီးကရက်၊ ဆေးပေ့ါလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ဘီယာ၊ ဝိုင်တို့နှင့် ပတ်သက်၍ နိုင်ငံတကာတွင်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို အခြေခံ၍ အခွန်နှုန်းကို နှစ်စဉ်တိုးမြှင့် သတ်မှတ်လေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ထိုသို့ နှစ်စဉ် တိုးမြှင့် သတ်မှတ်သော်လည်း အာဆီယံနိုင်ငံများအတွင်း အခွန်နှုန်း အနည်းဆုံးအဆင့်တွင်ရှိဆဲ ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။ 

 

Most Read

Most Recent