စက်တင်ဘာ ၁၁ ရက်၌ အမေရိကန် ပြည်ထောင်စုတွင် ၉/၁၁ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် သမ္မတ ဒေါ်နယ်ထရန့်က တာလီဘန်တို့ကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
သမိုင်းဝင် အာဖဂန်နစ္စတန်ငြိမ်းချမ်းရေး ထိပ်သီးဖြစ်လာမည်ဟု ဆိုနိုင်သည့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီး အမေရိကန်မြေပေါ်၌ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများကို နယူးယောက်နှင့် ၀ါရှင်တန်တို့၌ ပြုလုပ်သော အခမ်းအနားများတွင် ဆွေမျိုးများက အောက်မေ့သတိရနေချိန် ထရန့်၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၉/၁၁ တိုက်ခိုက်မှုများ၌ သေဆုံးခဲ့ကြရသည့် လူပေါင်း ၃၀၀၀ နီးပါးကို ဂုဏ်ပြုလျက် ပင်တဂွန်တွင် ပြုလုပ်သော အခမ်းအနားတွင် ထရန့်က တာလီဘန်များအပေါ် စစ်ရေးအရ တိုက်ခိုက်မှုအား မမျှော်လင့်ဘဲ အရှိန်မြှင့်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ လေးရက်စလုံး အမေရိကန်တပ်ဖွဲ့ဝင်တွေက အရင်က မတိုက်ခိုက်ဖူးတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ရဲ့ရန်သူကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး အဲဒီအတိုင်းပဲ ဆက်သွားမှာပါ” ဟု ထရန့်က ပြောကြားခဲ့သည်။
ယခုလောလောဆယ်ဆယ်၌ တိုက်ခိုက်မှု၏ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးသော်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကို လက်စားချေသည့်အနေဖြင့် သီတင်းပတ်အကုန်တွင် တာလီဘန်တို့နှင့် ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပြီးနောက် ယင်းကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
သူက အမေရိကန်ပြည်ထောင်စုအတွင်း ထပ်မံကျူးလွန်မည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း စစ်သွေးကြွများကို သတိပေးခဲ့သည်။
“အကြောင်းတစ်ခုခုကြောင့် သူတို့ ကျွန်တော်တို့နိုင်ငံကို ပြန်လှည့်လာရင် သူတို့ ဘယ်နေရာမှာ ရှိရှိ၊ ကျွန်တော်တို့သွားပြီး အမေရိကန်အနေနဲ့ အရင်ကတစ်ခါမှ မသုံးဖူးသေးတဲ့ အင်အားမျိုးကို သုံးရမှာပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။
“ကျွန်တော်က နျူကလီးယားစွမ်းအား အကြောင်းတောင် ပြောသေးတာမဟုတ်ဘူး။ သူတို့အပေါ် ကျရောက်လာမှာမျိုးကို အရင်သူတို့ တစ်ခါမှ မမြင်ဖူးသေးဖူးဆိုတာမျိုး ဖြစ်သွားစေရမယ်” ဟု ထရန့်က ဆိုသည်။
တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အယ်ကေးဒါးအဖွဲ့က အမေရိကန်၊ ဥရောပ၊ အစ္စရေးနှင့် ရုရှားတို့၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန်အတွက် တောင်းဆိုသော ဗီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့သောကြောင့် ထရန့်၏ ယခုကဲ့သို့ စစ်ကြေညာသည့်ပုံစံမျိုးနှင့် မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းစစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင် အေမင်အယ်ဇာဝါဟီရီက ၃၃ မိနစ်ကြာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဂျီဟတ်အဖွဲ့မှ ပြန်လည်နုတ်ထွက်သွားသူများကို ဝေဖန်ထားသည်ဟု Site Intelligence Group အဖွဲ့က ဆိုသည်။














