ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ အင်ဒိုနီးရှားသမ္မတဟောင်း ဟာဘီဘီကွယ်လွန်

ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ အင်ဒိုနီးရှားသမ္မတဟောင်း ဟာဘီဘီကွယ်လွန်
 ၂၀၀၇ ခုနှစ် မတ် ၂၇ ရက်တွင် ဂျကာတာ၌ သတင်းထောက်များအား သမ္မတဟောင်း ဟာဘီဘီက နှုတ်ဆက်နေစဉ်
၂၀၀၇ ခုနှစ် မတ် ၂၇ ရက်တွင် ဂျကာတာ၌ သတင်းထောက်များအား သမ္မတဟောင်း ဟာဘီဘီက နှုတ်ဆက်နေစဉ်
Published 12 September 2019
Ref: AFP

၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားအာဏာရှင်သမ္မတ ဆူဟာတို ရာထူးမှဆင်းသွားခဲ့ပြီးနောက် ကမ္ဘာ့စတုတ္ထအကြီးဆုံးနိုင်ငံ အင်ဒိုနီးရှား၏ လှိုင်းလေထန်သော အသွင်ကူးပြောင်းရေးကာလတွင် သမ္မတဖြစ်ခဲ့သော ဘီဂျေဟာဘီဘီသည် စက်တင်ဘာ ၁၁ တွင်  ကွယ်လွန်ခဲ့သည်။

၈၃ နှစ်အရွယ် ဟာဘီဘီသည် နှလုံးဝေဒနာကို ခံစားနေရသည်မှာ ကြာပြီဖြစ်ကြောင်း သားဖြစ်သူ တာရစ်ကီမားဟာဘီဘီက Metro TV သို့ ပြောကြားခဲ့သည်။

ဆူဟာတို ပြုတ်ကျပြီးနောက် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို ခွင့်ပြုခဲ့ပြီး အရှေ့တီမော လွတ်လပ်ရေးအတွက် လွတ်လပ်သော လူထုဆန္ဒခံယူပွဲ ကျင်းပပေးခဲ့သူ ဟာဘီဘီကို အင်ဒိုနီးရှားက စက်တင်ဘာ ၁၂ တွင် နိုင်ငံတော်စျာပနအခမ်းအနားနှင့် မြှုပ်နှံခဲ့သည်။

အင်ဒိုနီးရှား၏တတိယမြောက်သမ္မတဖြစ်ခဲ့သူ ဟာဘီဘီကို  ကာလီဘာတာသူရဲကောင်း ဗိမာန်၌ မြှုပ်နှံခဲ့ပြီး သမ္မတဂျိုကိုဝီဒိုဒို၊ သမ္မတဟောင်း မီဂါဝတီဆူကာနိုပူထရီနှင့် ဆူဆီလိုဘန်ဘန်ယူဒိုယူနိုအပါအဝင်  နိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများ၊ ထင်ရှားသူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အင်ဂျင်နီယာပညာသင်ကြားခဲ့သူဟာ ဘီဘီသည် ဒုတိယသမ္မတဖြစ်လာပြီးနောက် မကြာမီ ဆူဟာတိုကို ဆက်ခံခဲ့ရသော သမ္မတဖြစ်သည်။ အာရှဘဏ္ဍာရေးအကျပ်အတည်းပြီးနောက် စီးပွားရေးကသောင်းကနင်းဖြစ်ရပ်များ ရင်ဆိုင်နေရသော အင်ဒိုနီးရှားတွင်နိုင်ငံကို ၃၂ နှစ်ကြာ အုပ်စိုးခဲ့သော ဆူဟာတို ပြုတ်ကျခဲ့ပြီးနောက် ဟာဘီဘီက အာဏာလွှဲပြောင်းရယူခဲ့ရခြင်းဖြစ်သည်။

ဘဏ္ဍာရေးအကျပ်အတည်း ဆိုးရွားနေချိန် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ပြဋ္ဌာန်းသော လူကြိုက်နည်းသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ၁၇ လသာ ထမ်းဆောင်ခဲ့သော ဟာဘီဘီက ဦးစီးခဲ့သည်။ စစ်ဘက်ကို နိုင်ငံရေးအခန်းကဏ္ဍ မြင့်မားစွာပေးထားပြီး အတိုက်အခံကို ဖိနှိပ်သော ဆူဟာတိုအစိုးရ၏အဖွဲ့ဝင်ဖြစ်သော်လည်း ဟာဘီဘီသည် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုများကို ဦးစီးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာတွင် အင်ဒိုနီးရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ၁၉၇၆ ခုနှစ် တွင် အင်ဒိုနီးရှားနယ်မြေအတွင်း သွတ်သွင်းခဲ့သော အရှေ့တီမောပြည်သူများအတွက် လွတ်လပ်ရေးလူထုဆန္ဒခံယူပွဲကို ဟာဘီဘီက သဘောတူခဲ့သည်။

၁၉၉၉ ခုနှစ်တွင် လွတ်လပ်ရေးလူထု ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဟာဘီဘီသည် လေယာဉ်စက်မှုလုပ်ငန်း ဖြစ်ထွန်းအောင်မြင်ရန် ကြိုးပမ်းခဲ့သည့်အပြင် အင်ဒိုနီးရှားအား နည်းပညာအင်အားကြီးနိုင်ငံအဖြစ် ဖော်ဆောင်ရေး ကြိုးပမ်းမှုများအတွက်လည်းထင် ရှားသည်။

ဟာဘီဘီသည် ဇနီးဖြစ်သူ ဟာဆရီ အာအီနွန်ဟာဘီဘီကို ၄၈ နှစ်ကြာ လက်တွဲခဲ့ပြီး ၎င်းတို့နှစ်ဦး၏အချစ်ဇာတ်လမ်းသည် အင်ဒိုနီးရှားပြည်သူများအကြား ရေပန်းစားခဲ့သည်။ ဟာဘီဘီသည် ၂၀၁၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သော ဆရာဝန်ဇနီးဖြစ်သူနှင့် သားနှစ်ဦး ထွန်းကားခဲ့ပြီး ထိုသားများသည် နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိပေ။

Most Read

Most Recent