မွန်တီနီဂရိုး နှင့် ချက် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ချက်က ဒီအုပ်စုမှာ (၂)ပွဲနိုင်၊ (၂)ပွဲရှုံးထားပြီး မွန်တီနီဂရိုးကတော့ (၂)ပွဲသရေ၊ (၂)ပွဲရှုံးထားတယ်။ လက်ရှိအနေအထားအရ နှစ်သင်းစလုံးက ကိုဆိုဗိုကို အမီလိုက်ဖို့ကို ပစ်မှတ်ထားရမယ့် အနေအထားဖြစ်ပြီး ချက်က အခြေအနေပိုကောင်းနေတယ်လို့ ဆိုရမယ်။ ပထမအကျော့ ချက်ကွင်းမှာတုန်းကလည်း ချက်ကပဲ ဂိုးပြတ်နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ (၄၊ ၅)နှစ်လောက်က အနေအထားမျိုး နှစ်သင်းစလုံးမရှိတော့ပေမယ့် ချက်ကတော့ ပိုသာနေပါတယ်။ ချက်ကိုပဲ ကြိုက်တယ်။
အင်္ဂလန် နှင့် ကိုဆိုဗို (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
အင်္ဂလန်က အုပ်စု(A)မှာ ထိပ်ဆုံးနေရာရောက်နေတယ်။ ကစားခဲ့ပြီးတဲ့ (၃)ပွဲစလုံးပြတ်ပြတ်သားသားအနိုင်ကစားခဲ့ပြီး ဒီ (၃)ပွဲမှာ သွင်းဂိုးအရေအတွက်က (၁၄)ဂိုးအထိ ရှိခဲ့တယ်။ ကစားပုံကောင်းရုံတင်မဟုတ်ဘဲ ယုံကြည်မှုအမြင့်မားဆုံးအချိန်ကိုရောက်နေပြီလို့ ဆိုရမယ်။ ကိုဆိုဗိုက အုပ်စုဒုတိယနေရာမှာရှိနေတဲ့အသင်းဖြစ်ပြီး အင်္ဂလန်ထက် တစ်ပွဲပိုကစားကာ တစ်မှတ်လျော့နေတယ်။ (၄)ပွဲမှာ (၈)မှတ်ရထားပြီး အနီးဆုံးပြိုင်ဘက် ချက်အသင်းထက် (၂)မှတ်အသာရနေလို့ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိနေတဲ့အသင်းလည်းဖြစ်တယ်။ ဒါပေမဲ့ ကိုဆိုဗိုရခဲ့တဲ့ (၈)မှတ်ထဲမှာ (၅)မှတ်က အုပ်စုအောက်ဆုံးက အသင်းနှစ်သင်းဆီကနေရခဲ့တာဖြစ်ပြီး အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ ရှုံးပွဲမရှိခဲ့တာလည်း အားနည်းတဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး။ ဒီပွဲက ကိုဆိုဗိုကစားခဲ့ဖူးသမျှ ပွဲတွေထဲမှာအကျပ်ဆုံးလို့ ပြောရမယ့်ပွဲပါ။ အင်္ဂလန်အသင်းက နောက်ထပ် (၃)မှတ်ယူဖို့အတွက် အခက်အခဲမရှိနိုင်ဘူး။ ထုံးစံအတိုင်း ဂိုးမြူးနေတဲ့တိုက်စစ်က ဘယ်လောက်အထိသွင်းမလဲဆိုတာကိုပဲ ကြည့်ရမယ်။ (၂-၀၊ ၃-၀)လောက် ဖြစ်မယ်ထင်တယ်။
လူဇင်ဘတ် နှင့် ဆားဘီးယား (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
လူဇင်ဘတ်က ဒီအုပ်စုမှာ ပေါ်တူဂီ ဆားဘီးယားတို့နဲ့ လုံးဝမကစားရသေးဘဲ ယူကရိန်း၊ လစ်သူယေးနီးယားတို့နဲ့ (၂)ပွဲစီကစားထားရတယ်။ လူအင်အားချင်းယှဉ်ရင် ဆားဘီးယားကို ဘယ်လိုမှ မယှဉ်နိုင်ပေမယ့် လက်ရှိ နှစ်သင်းစလုံးရဲ့ရလဒ်ပိုင်းကတော့ သိပ်မကွာတာတွေ့ရတယ်။ ယူကရိန်းကို နှစ်ပွဲစလုံးအကြိတ်အနယ်ကစားခဲ့တဲ့ ခြေစွမ်းအရ ဆားဘီးယားကိုလည်း လူဇင်ဘတ် ဒုက္ခပေးနိုင်မှာပါ။ ဒါပေမဲ့ ကစားသမားအင်အားအရမ်းကွာတဲ့အတွက် ဆားဘီးယားကပ်နိုင်ဖို့ရှိတယ်။
လစ်သူယေးနီးယား နှင့် ပေါ်တူဂီ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံအသင်းလည်းဖြစ်၊ လက်ရှိ UEFA Nations League ပြိုင်ပွဲရဲ့ချန်ပီယံလည်းဖြစ်တဲ့ပေါ်တူဂီအသင်းက အုပ်စုအဖွင့် (၂)ပွဲမှာ သရေပွဲတွေဖြစ်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ ဆားဘီးယားကွင်းမှာ အနိုင်ကစားပြီး ခြေစွမ်းပြခဲ့တာတွေ့ရတယ်။ အထူးသဖြင့် စီရော်နယ်လ်ဒို ပြန်ကစားတာနဲ့ ပေါ်တူဂီက အင်အားကြီးအသင်းတစ်သင်းအနေအထားဖြစ်သွားပြီး အသင်းလိုက်ခြေစွမ်းရော၊ အရှိန်အဝါကိုပါ မြင်တွေ့ရတယ်။ အခုအချိန်အထိ ယူကရိန်းနဲ့ (၈)မှတ်ကွာနေသေးတာက စိုးရိမ်စရာဖြစ်ပေမယ့် လက်ထဲမှာ ကျန်နေသေးတဲ့ နှစ်ပွဲက (၆)မှတ်သေချာပါတယ်။ ပွဲကျပ်တွေကိုပဲ ဆက်တိုက်ကစားနေရပေမယ့် နောက်ပိုင်းပွဲချောင်လာလိမ့်မယ်။ အခုဒီပွဲက ပေါ်တူဂီအတွက် ယူကရိန်းနဲ့ ကွာနေတဲ့အမှတ်တွေထဲက (၃) မှတ်စလျှော့ချမယ့်ပွဲဖြစ်ပြီး အနို်င်သေချာတယ်။ လစ်သူယေးနီးယားအိမ်ကွင်းဆိုပေမယ့် ပေါ်တူဂီဂိုးဘယ်လောက်သွင်းမလဲဆိုတာကို ကြည့်ရမှာဖြစ်ပြီး (၀-၃)လောက်တော့ဖြစ်မယ်။
မော်လ်ဒိုဗာ နှင့် တူရကီ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
အုပ်စု (H) မှာ (၁၂)မှတ်စီအပြိုင်ဖြစ်နေတဲ့ ပြင်သစ်၊ တူရကီနဲ့ အိုက်စလန်တို့အားလုံး ဒီတစ်ပတ်တော့ အသင်းငယ်တွေနဲ့ ကစားရတယ်။ ဘယ်အသင်းမှ အမှားမလုပ်မိဖို့လည်း အရေးကြီးတယ်။ တူရကီရဲ့ အဝေးကွင်းခြေစွမ်းကလည်း မဆိုးဘူးလို့ ပြောရမယ်။ အိုက်စလန်ကို ရှုံးထားပေမယ့် အယ်လ်ဘေးနီးယားကွင်းမှာ လွယ်လွယ်ကူကူအနိုင်ရခဲ့တယ်။ ဒီခြေစွမ်းအတိုင်းဆိုရင် မော်လ်ဒိုဗာကွင်းမှာလည်း တူရကီ အမှားလုပ်မယ် မထင်ဘူး။ တူရကီပဲ နိုင်မယ်။
ပြင်သစ် နှင့် အန်ဒိုရာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ပထမအကျော့တုန်းက အန်ဒိုရာအသင်းရဲ့ကွင်းမှာ ပြင်သစ် (၄)ဂိုးသွင်းခဲ့တယ်။ ဒီပွဲကလည်း ပြင်သစ်အတွက် သေချာပေါက် အနိုင်ကစားပြီး (၃)မှတ်ယူမယ့်ပွဲပါ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ တူရကီ၊ အိုက်စလန်တို့နဲ့အတူ (၁၂)မှတ်စီ တူညီနေပြီး (၃)သင်းပတ်လည် ထိပ်တိုက်တွေ့ဆုံမှုအရ ပြင်သစ်က အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေတာတွေ့ရတယ်။ ဒီ (၃)သင်းပဲ အုပ်စုကတက်ဖို့ အပြိုင်လုရမှာဖြစ်ပြီး ပြင်သစ်ကတော့ ကျန်(၂)သင်းထက်စာရင် ပွဲနည်းနည်းပိုကျပ်တယ်လို့ ပြောရမယ်။ ဒါကြောင့် ဒီလိုပွဲမျိုးတွေမှာ အမှတ်လျော့လို့မရဘူး။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း (၁၄)ပွဲမှာ (၁၂)ပွဲအထိ အနိုင်ရခဲ့တာနဲ့ အန်ဒိုရာကလည်း ဒီအုပ်စုမှာ အယ်လ်ဘေးနီးယား၊ မော်လ်ဒိုဗာတို့ထက်တောင် ပိုအားနည်းတဲ့အနေအထားဖြစ်နေတာတွေက ပြင်သစ်ဂိုးမိုးရွာစေမယ့် အချက်တွေဖြစ်တယ်။ ပြီးခဲ့တဲ့ တူရကီနဲ့ပွဲမှာ အန်ဒိုရာက (၁)ဂိုးပဲ ကပ်ရှုံးခဲ့ပေမယ့် ဒီပွဲကတော့ (၄-၀၊ ၅-၀) လောက်ဖြစ်သွားလိမ့်မယ်။
အယ်လ်ဘေးနီးယား နှင့် အိုက်စလန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ပြင်သစ်၊ တူရကီတို့လိုပဲ အသင်းငယ်တစ်သင်းနဲ့ ကစားပြီး (၁၅)မှတ်ဖြစ်အောင် ကြိုးစားရမယ်ဆိုပေမယ့် ပြိုင်ဘက်နှစ်သင်းနဲ့ ယှဉ်ရင် အိုက်စလန်က နည်းနည်းပိုခက်ပါတယ်။ အဓိကအားဖြင့်တော့ အယ်လ်ဘေးနီးယားရဲ့ ခံကန်အားကြောင့်ပါ။ မော်လ်ဒိုဗာ၊ အန်ဒိုရာတို့ထက် ပိုကောင်းတဲ့အသင်းလည်းဖြစ်တယ်။ ဒါပေမဲ့ အိုက်စလန်က စိတ်ချရတဲ့အသင်းပါ။ အဝေးကွင်းမှာ ပြင်သစ်ကို ရှုံးပေမယ့် အန်ဒိုရာကို လွယ်လွယ်ကူကူနိုင်ခဲ့တယ်။ ဒီပွဲလည်း အိုက်စလန်ပဲ နိုင်ဦးမှာပဲ။