မြန်မာပရိသတ်များကျေနပ်စေမည့် ခြေစွမ်းမျိုးဖြင့် ဂျပန်လက်ရွေးစင်အသင်းကို ရင်ဆိုင်ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ် ပြောကြား

မြန်မာပရိသတ်များကျေနပ်စေမည့် ခြေစွမ်းမျိုးဖြင့် ဂျပန်လက်ရွေးစင်အသင်းကို ရင်ဆိုင်ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ် ပြောကြား
Photos : MFF
Photos : MFF
Published 10 September 2019

 မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က ဂျပန်လက်ရွေးစင်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာပရိသတ်များစိတ်ကျေနပ်စေမည့် ခြေစွမ်းမျိုးဖြင့် ရင်ဆိုင်ကစားသွားမည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ (၉)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယင်းပွဲ ကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က  ''မနက်ဖြန်ဟာ မြန်မာအသင်းအတွက် အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမယ့်နေ့ပါ။ ကျွန်တော် အသင်းနဲ့လက်တွဲခဲ့တဲ့ (၄)လမြောက်မှာ (၃)ပွဲမြောက်ကစားရမယ့် ဘောလုံး ပွဲလည်းဖြစ်ပါတယ်။ ဘောလုံးမှာ ဖြစ်ပြီးခဲ့တဲ့အရာတွေကိုမေ့ထားပြီး ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်။ ဂျပန်အသင်းမှာရှိတဲ့ ကစားသမားတွေက ထိပ်တန်းကစားသမားတွေဖြစ် ပါတယ်။ ထိပ်တန်းလိဂ်တွေက ထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့သူတွေပါ။ ဒီအသင်းကို ရင်ဆိုင်ရမယ်ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းက စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် နည်းစနစ်ပိုင်းတွေအားလုံးတိုးတက်ဖို့ လိုနေတဲ့အသင်းပါ။ ဒါပေမဲ့ မနက်ဖြန်ပွဲမှာတော့ ဂျပန်အသင်းကို မြန်မာဘောလုံးပရိသတ်တွေကျေနပ်မယ့် ခြေစွမ်း မျိုးနဲ့ ရင်ဆိုင်ကစားသွားမှာပါ။ မွန်ဂိုနဲ့ပွဲမှာကစားခဲ့တဲ့ ကျွန်တော်အသင်းရဲ့ခြေစွမ်းက စင်ကာပူအသင်းကို အနိုင်ရခဲ့တဲ့ပွဲထက်သာပါတယ်။ ဒီအရှုံးရလဒ်ကြောင့် အံ့အားသင့် မယ်ဆိုရင် အရင်ကရလဒ်တွေကိုလည်း ပြန်ကြည့်သင့်ပါတယ်။ ဒီထက်ဆိုးတဲ့ရလဒ်တွေ ရှိခဲ့ဖူးပါတယ်။ ဒီအချိန်မှာတော့ အမှားတွေကိုပြင်ဆင်ပြီး အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ရမှာပါ''ဟု ပြောကြားခဲ့သည်။

နည်းပြချုပ်ရာဒူလိုဗစ်သည် မြန်မာအသင်းကို တာဝန်ယူပြီးနောက် ပထမဆုံးပွဲအဖြစ် စင်ကာပူအသင်းနှင့် အဝေးကွင်းခြေစမ်းပွဲကစားခဲ့ ရာတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲအဖြစ် တရုတ်အသင်းနှင့် အဝေးကွင်းခြေစမ်း ကစားခဲ့ရာတွင်မူ (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုး - ကျော်ဇင်ထက်၊ ကျော်ဇင်ဖြိုး၊  ပြည့်လျှံအောင်၊ နောက်တန်း - ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင် လွင်၊ သိန်းသန်းဝင်း၊ ဇော်ရဲထွန်း၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ပြည့်ဖြိုးဇော်၊ အလယ်တန်း - ရန်အောင်ကျော်၊ မောင်မောင် လွင်(ပွဲပယ်)၊ လွင်မိုးအောင်၊ ကြည်လင်း၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ ဆွမ်လမန်၊ ရှေ့တန်း - ကျော်ကိုကို၊ အောင်သူ၊ ဝင်းနိုင်စိုး၊  သန်းပိုင်၊ ကောင်းစည်သူ