မြင်းခြံသံမဏိစီမံကိန်း ကြွေးကျန်ကိစ္စ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ ပြည်ထောင်စု လွှတ်တော်က စုံစမ်းစစ်ဆေးမည်ဆိုလျှင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု စက်မှုဒုတိယဝန်ကြီး ပြောကြား

မြင်းခြံသံမဏိစီမံကိန်း ကြွေးကျန်ကိစ္စ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ ပြည်ထောင်စု လွှတ်တော်က စုံစမ်းစစ်ဆေးမည်ဆိုလျှင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု စက်မှုဒုတိယဝန်ကြီး ပြောကြား
Published 5 September 2019
စိုးမင်းထိုက်၊ စည်သူ

မြင်းခြံသံမဏိစီမံကိန်း ကြွေးကျန်ကိစ္စ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ ပြည်ထောင်စု လွှတ်တော်က စုံစမ်းစစ်ဆေးမည်ဆိုလျှင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်း က ပြောကြားသည်။

၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီနှစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာပါ မူသဘော အကြောင်းအရာများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် စက်တင်ဘာ ၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကြွေးမြီများ ရယူမှု အခြေအနေသည် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ ပြည်ထောင်စု လွှတ်တော်က စုံစမ်းစစ်ဆေးမည် ဆိုပါက စက်မှုဝန်ကြီးဌာနအနေဖြင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနဲ့ ငွေကြေးစိုက်ထုတ် ဆောင်ရွက်ထားရသည့် ပြည်တွင်း ကုမ္ပဏီများအား ပေးချေရမည့် လုပ်ငန်းကြွေးကျန်များကို ပြန်လည် ပေးဆပ်ရမည့် အစီအစဉ်နဲ့ ပြည်ထောင်စု လွှတ်တော်၏ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် မတ်လက ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်နှင့်  ၂၀၁၇ ခုနှစ် ဧပြီ ၂၀ ရက် တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ ( ၇^၂၀၁၇) ကြိမ် မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများကို လုံးဝရပ်ဆိုင်းခဲ့ရ ကြောင်းနှင့် ထိုအချိန်၌ ဆောင်ရွက်ပြီးစီးခဲ့ သော လုပ်ငန်းတန်ဖိုး စုစုပေါင်းငွေ ကျပ် ၉၅၀၉ ဒသမ ၀၉၀ သန်းမှာ လုပ်ငန်းကြွေး ကျန် ဖြစ်ပေါ်ခဲ့ရကြောင်း ၎င်းက ပြောကြား သည်။

အဆိုပါစီမံကိန်းအား လတ်တလော ရပ်ဆိုင်းခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နောက်ပိုင်းတွင် စီမံကိန်း၏ လုပ်ငန်းပြီးစီးမှု ပမာဏနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ငွေကျပ် ၁၃ ဒသမ ၃၂၈ ဘီလျံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်များတွင် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြု ဘတ်ဂျက်ဘောင်အတွင်း ထည့်သွင်းလျာထား တောင်းခံခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ မြင်းခြံသံမဏိစက်ရုံတည် ဆောက်ရေးလုပ်ငန်းအတွက်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကြွေးကျန် ကျပ် ၉၅၀၉ ဒသမ ၀၉၀ သန်း တင်ပြတောင်းခံခြင်းနှင့် ပတ်သက်ပြီး ပြည်သူ့ဘဏ္ဍာငွေကို စည်းလွတ်ဝါးလွတ် သုံးစွဲခဲ့သော တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူနိုင်ရန် လိုအပ်ကြောင်း ပုလဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သြဂုတ် ၃၀ ရက် ကပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ဒါနဲ့ပတ်သက်လို့ ကြွေးကျန်ရစရာရှိ နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို ကျွန်မတို့ စာနာနားလည်ပေမဲ့ လွှတ်တော် ကြီးအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနဲ့ မညီညွတ်တဲ့ကိစ္စရပ်တွေကို ရပ်တည် ချက် မှန်မှန်ကန်ကန်နဲ့ သတိထားပြီး ချဉ်း ကပ်ဆုံးဖြတ်ဖို့ အကြံပြုတိုက်တွန်းလိုပါ တယ်။ အထူးသဖြင့် ပြည်သူ့ဘဏ္ဍာငွေ တစ်ရပ်ကို စည်းလွတ်ဝါးလွတ်သုံးစွဲခဲ့တဲ့  တာဝန်ရှိသူတွေကို အရင် စိစစ်ဖော်ထုတ် အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးမှသာ နိုင်ငံတော်အစိုးရအနေနဲ့ မလွှဲမရှောင်သာ ပေးရန်ရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ကြွေးကျန်တွေကို စိစစ်ပေးချေဖို့ စဉ်းစားဆောင်ရွက် သင့်ပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ဆို သည်။

အဆိုပါ အမှတ်(၁) သံမဏိစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း ငါးခုကို ကုမ္ပဏီ ငါးခုက တင်ဒါရခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရရှိသည့် ဘတ်ဂျက် ရန်ပုံငွေသည် စီမံကိန်း သတ်မှတ်ချက်နှင့် မလုံလောက်သည့်အတွက် ငွေကြေးစိုက်ထုတ်၍ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သောကြောင့် ငွေကြေးစိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြောင်း တင်ဒါအောင် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Myanmar Mahar Htun Co., Ltd ၏ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက မီဒီယာများကို ပြောကြားသည်။

 

Most Read

Most Recent