ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်
Published 5 September 2019
စိုးမင်းထိုက်၊ စည်သူ

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချထားခြင်းများ ပါဝင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ တင်ပြချက်ဖြစ်သော ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် အစီရင်ခံစာကို စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အတည်ပြုရာတွင် စက်ခလုပ်နှိပ် ဆန္ဒမဲပေးသောနည်းဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၅၉၈ မဲတွင် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်သို့ ထည့်သွင်း ဆောင်ရွက်ရန် ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲနှင့် ကြားနေမဲ လေးမဲရှိကာ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆောင်ရွက်ရန် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲ ၁၅ မဲမှာ ပျောက်ဆုံးခဲ့သည်။

အထက်ပါ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နေပြည်တော်၌ မေ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေး တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ အထက်ပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ရုံသာမက မကြာမီအချိန်က ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ နှင့်ပတ်သက်၍လည်း ပြင်ဆင်မည့်မူကြမ်းကို တင်သွင်းဖူးသော်လည်း  ယင်းကိစ္စကိုလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်။     

 

Most Read

Most Recent