MAI က ထပ်မံဝယ်ယူထားသည့် AirBus လေယာဉ်သစ်များ ရောက်ရှိလာပါက လက်ရှိအသုံးပြုနေသည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးပျံသန်းမည်

MAI က ထပ်မံဝယ်ယူထားသည့် AirBus လေယာဉ်သစ်များ ရောက်ရှိလာပါက လက်ရှိအသုံးပြုနေသည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးပျံသန်းမည်
 MAI လေကြောင်းလိုင်း၏ Airbus လေယာဉ်တစ်စင်းကို တွေ့ရစဉ်
MAI လေကြောင်းလိုင်း၏ Airbus လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 2 September 2019
ရွှန်းလဲ့ဝင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ထပ်မံဝယ်ယူထားသည့် လေယာဉ်သစ်များ ရောက်ရှိလာပါက လက်ရှိအသုံးပြုနေသည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ Commercial Director ဖြစ်သူ Tanes Kumar ၏ ပြောကြားချက်အရ သိရသည်။

MAI လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် AirBus လေယာဉ်နှစ်စင်းအား ထပ်မံဝယ်ယူထားရာ လာမည့်စက်တင်ဘာနှင့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။ 

MAI လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တား ခရီးစဉ်များကို A319 လေယာဉ်သုံးစင်းဖြင့်ပြေးဆွဲနေခြင်း ဖြစ်သည်။ အဆိုပါလေယာဉ်များအပြင် ထပ်မံ၍ AirBus လေယာဉ်နှစ်စင်းအား ဝယ်ယူထားခြင်းဖြစ်ပြီး ယင်းလေယာဉ်နှစ်စင်းအနက် တစ်စင်းမှာ စက်တင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ကျန်တစ်စင်းမှာ လာမည့်အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

“MAI အနေနဲ့ Airbus လေယာဉ်သုံးစီးကနေ လေးစီးအထိ ထပ်မံဖြည့်တင်းဖို့ အစီအစဉ်ရှိပါတယ်။ ခုလက်ရှိမှာ Airbus လေယာဉ်နှစ်စီးကို ဝယ်ယူထားပါတယ်။ အဲဒီလိုဝယ်ယူထားတဲ့ Airbus လေယာဉ်နှစ်စီးအနက် ပထမဆုံးအနေနဲ့ Airbus A320 လေယာဉ်က လာမယ့်စက်တင်ဘာမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နောက်ထပ်လေယာဉ်တစ်စင်းဖြစ်တဲ့ A319 လေယာဉ်က အောက်တိုဘာမှာ ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလေကြောင်းဦးစီးဌာနရဲ့ ပျံသန်းဖို့ ခွင့်ပြုချက်ရတာနဲ့ MAI ရဲ့ ခရီးစဉ်တွေမှာ ပျံသန်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ စက်တင်ဘာအတွင်းမှာ A320 လေယာဉ်သစ်နဲ့ ခရီးစဉ်တွေ စတင်ပျံသန်းမှာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ A319 လေယာဉ်သစ်နဲ့ ခရီးစဉ်တွေပျံသန်းမှာပါ။ ထပ်မံရောက်ရှိလာတဲ့ လေယာဉ်သစ်တွေကို ယခင်က ရှိခဲ့တဲ့လေယာဉ်တစ်စင်း သို့မဟုတ် နှစ်စင်းနေရာမှာ အစားထိုးပျံသန်းသွားမှာပါ။ MAI အနေနဲ့ လေယာဉ်အစင်းရေ ခြောက်စီးအနည်းဆုံးထားရှိပြီး ခရီးစဉ်တွေ ပျံသန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု MIA လေကြောင်းလိုင်း၏ Commercial Director ဖြစ်သူ Tanes Kumar က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် လက်ရှိတွင် Air Bus လေယာဉ်သုံးစင်းဖြင့် နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂါယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံသို့ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။                  

 

 

 

Most Read

Most Recent