အစောင့်အရှောက်ခံနိုင်ငံနှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ

အစောင့်အရှောက်ခံနိုင်ငံနှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ
Published 1 September 2019

အစောင့်အရှောက်ခံနိုင်ငံ (Protectorate) ဟူသည် အဓိပ္ပာယ်နှစ်မျိုးရှိသည်။ ယနေ့ခေတ် နိုင်ငံတကာ တရားဥပဒေများနှင့်အညီ အင်အားကြီးနိုင်ငံကြီးတစ်ခုခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်တစ်ခုခုကို သံတမန်ရေးအရ လည်းကောင်း၊ စစ်ရေးအရလည်းကောင်း အကာအကွယ်ပေးပြီး ထိုသို့အကာအကွယ်ပေးခြင်းကြောင့် အပြန်အလှန်အားဖြင့် နိုင်ငံငယ်မှ နိုင်ငံကြီးထံသို့ သဘောတူညီထားသော တစ်စုံတစ်ရာကို ပြန်လည်ပေးဆောင်ရန် တာဝန်ရှိသည်။ ပေးဆောင်ရမည့် တာဝန်အတိုင်းအတာမှာ ၎င်းတို့ကြား ဆက်ဆံရေး အတိမ်အနက်ပေါ်မူတည်သည်။ သို့ရာတွင် ၎င်းနိုင်ငံငယ်များသည် နိုင်ငံ၏အချုပ်အခြာအာဏာကို နိုင်ငံတကာ တရားဥပဒေများအောက်တွင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပိုင်ဆိုင်ခွင့် ရရှိထားကြသည်။

ဒုတိယအမျိုးအစားမှာ ၁၉ ရာစုနှစ်များတွင် ဥရောပနိုင်ငံများ၏ ကိုလိုနီနယ်မြေများ ချဲ့ထွင်ကြရာမှ ဖြစ်ပေါ်လာသော အစောင့်အရှောက်ခံနိုင်ငံများ ဖြစ်သည်။ ကိုလိုနီအ စောင့်အရှောက်ခံနိုင်ငံများ (Colonial Protectorates) ဟုလည်း ခေါ်ဝေါ်သည်။ ၎င်းတို့သည် နိုင်ငံတကာဥပဒေအရ ကာကွယ်ထားသော သီးခြားလွတ်လပ်သည့်နိုင်ငံများ မဟုတ်ကြ။ နိုင်ငံတကာ အစောင့်အရှောက်ခံနိုင်ငံများ (International Protectorates) သည်လည်း အကာအကွယ်ပေးသော အဖွဲ့အစည်း၏လက်အောက်ခံ ဖြစ်သွားပြီး ၎င်းနိုင်ငံ ၏ လွတ်လပ်ရေး ဆုံးရှုံးရသည်။

ပထမကမ္ဘာစစ်ကြီးအတွင်း အာဖရိကစစ်မျက်နှာတွင် ဂျာမန်အရှေ့အာဖရိကကိုလိုနီနယ်မြေ၏ အနောက်မြောက်ပိုင်းဖြစ်သော ရွမ်ဒါ-အူရွန်ဒီ ဒေသသည် ၁၉၁၆ ခုနှစ် တွင် ဘယ်လ်ဂျီယမ်နှင့် ကွန်ဂိုတပ်များ၏ ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီး ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ၁၉၁၉ ခုနှစ်အထိ သိမ်းပိုက်ခံထားရသည်။ ဗာဆိုင်းစာချုပ်၏ သဘောတူညီချက်အရ ဂျာမန်အရှေ့အာဖရိကကို ဗြိတိသျှတို့ထံ လွှဲပြောင်းပေးခဲ့ရသော်လည်း ဘယ်လ်ဂျီယမ်နိုင်ငံအရွယ်အစား၏ နှစ်ဆမျှကြီးပြီး ကွန်ဂိုနိုင်ငံ၏ နှစ်ရာခိုင်နှုန်းခန့်သာ ရှိသော ရွမ်ဒါ-အူရွန်ဒီဒေသကိုမူ ဘယ်လ်ဂျီယမ် အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၉၂၄ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက အသိအမှတ်ပြုခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂက ထပ်မံအသိအမှတ်ပြုခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံဟူ၍ လုံးဝလွတ်လပ်ရေး ရရှိသွားကြပြီးနောက်တွင် ဘယ်လ်ဂျီယမ်၏ ကိုလိုနီအင်ပိုင်ယာသည်လည်း နိဂုံးချုပ်သွားတော့သည်။

ဗြိတိသျှအင်ပိုင်ယာအတွင်းမှ အစောင့်အရှောက်ခံနိုင်ငံဟူသည် ဗြိတိသျှ၏ ကိုလိုနီနယ်မြေအဖြစ် တရားဝင် ကြေညာခြင်းမပြုသည်မှတစ်ပါး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာများသည် ဗြိတိသျှ ဘုရင်၏ လက်အောက်တွင်သာရှိသည်။ ဗြိတိသျှတို့တွင် အကာအကွယ်ပေးထားသော နိုင်ငံဟုလည်း ရှိသေးသည်။ အကာအကွယ်ပေးထားသောနိုင်ငံသည် အစောင့်အရှောက်ခံနိုင်ငံနှင့် မတူညီသည်မှာ ပြည်ပဆက်ဆံရေးတွင်သာ ချုပ်ကိုင်ခံရပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခံရခြင်း မရှိခြင်းပင်။ နောက်ဆုံး ဗြိတိသျှအစောင့်အရှောက်ခံနိုင်ငံမှာ ဆော်လမွန်ကျွန်းများနိုင်ငံဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် လွတ်လပ်ရေးပေးခဲ့သည်။ နောက်ဆုံး ဗြိတိသျှ အကာအကွယ်ပေးထားသော နိုင်ငံမှာ ဘရူနိုင်းနိုင်ငံဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် လွတ်လပ်ရေး ပေးခဲ့သည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံဆိုသည်မှာ ပြည်တွင်း ပြည်ပ အချုပ်အခြာအာဏာ သက်ရောက်မှု ရှိခြင်း၊ လူဦးရေ အတည်တကျ ရှိခြင်း၊ အုပ်ချုပ်သည့် အစိုးရ ရှိခြင်း၊ အခြားသော အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသောနိုင်ငံကို ခေါ်ဆိုခြင်းပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားနိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်းခံမနေရသော နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံသည် အပြည့်အဝ အချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်ပြီး မည်သည့်နိုင်ငံ၏ အစောင့်အရှောက်ခံနိုင်ငံမှ မဟုတ်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent