ပျော်ဖို့ ဇာတ်လမ်းသုံးပုဒ်

ပျော်ဖို့ ဇာတ်လမ်းသုံးပုဒ်
Published 30 August 2019
လင်းခါး

ကျွန်တော်က ဆုံးဖြတ်ပြီးရင်တော့မပြင်ဘူး။ လုပ်စရာရှိ ဝုန်းဝုန်းဒိုင်းဒိုင်း ကောက်လုပ်လိုက်ချင်တဲ့ကောင်မျိုး။ (အဲဒီလို ခပ်ဆင်ဆင် ပေါတောတောဝါကျမျိုးတွေ မှတ်မိသလောက် ချရေးကြည့်ပါလား) မလုပ်လိုက်ရလို့လည်း ပြဿနာတော့ မရှိဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပဲ။ စကားက ရှေ့နောက် မညီသလို ဖြစ်နေပေမဲ့ ဒါကိုက ကျွန်တော့်စရိုက်ပဲ ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ် စနေနေ့ကဆို မိန်းမက လေးနာရီခွဲလောက်ကြီး လမ်းထလျှောက်ဖို့ နှိုးတယ်။ ကျွန်တော်က မထချင်ဘူး။ ဒါပေမဲ့ မိန်းမကလည်း စနေနေ့မှာတော့ လမ်းထလျှောက်ကြမယ်လို့ တစ်ပတ်လောက်ကတည်းက ကြိုတင်ပြောထားတဲ့အပြင် အဲဒီစနေနေ့မရောက်ခင် နေ့တိုင်းရက်တိုင်းမှာ “စနေနေ့နော်၊ စနေနေ့နော်” နဲ့ လက်ညှိုးလေးထောင်ထောင်ပြီး သတိပေးနေတာ။ သူအဲဒီလို ပြောတိုင်းလည်း ကျွန်တော်က “အေးပါကွာ အေးပါကွာ” ပေါ့။ ပြန်ပြန်ကတိပေးပြော ပြောရတယ်။ တကယ်လမ်း လျှောက်ရမယ့် စနေနေ့မနက်ခင်း လက်တွေ့လည်းရောက်ရော ကျွန်တော်က မထချင်တော့ဘူး။ ဒီတော့မှ ကတိပေးခဲ့တာ မှားလေခြင်းလို့ စောင်ခြုံထဲကနေ နောင်တရနေမိတယ်။ ဒါပေမဲ့ မိန်းမကတော့ မရဘူး။ မထမချင်း “သိပါတယ်၊ ရှင်ဟာ ဒီလိုပဲကတိမတည်တဲ့လူ” ဘာညာ စသဖြင့် တတွတ်တွတ် ရွတ်နေတော့ ကျွန်တော်လည်း မနေသာဘူး။ မာနကို ထိခိုက်သလို ဘာလိုလိုဖြစ်မိတော့ “ထတယ်ကွာ” ဆိုတဲ့သဘော အပျက်သဘောနဲ့ တုံ့ပြန်သလို ထလိုက်ရတယ်။ “ကဲ သွားကြစို့” လို့ ပြောပြီး အိပ်ရာထဲကနေ မြန်မြန်ဆန်ဆန်ကြီး မတ်တတ်ထရပ် သူ့ကိုပဲ ပြန်စောင့်နေရတဲ့ အချိုးချိုးလိုက်သေးတယ်။ ဒီလို လင်မယားနှစ်ယောက် စကားတတွတ်တွတ်ထိုး၊ အိပ်ရာက မထချင်ထချင် ဂျစ်ကန်ကန် ဆတ်တောက်တောက်လုပ် ထကြလေတော့ အလယ်မှာ အိပ်နေတဲ့ သမီးငယ်ကလည်း နိုးတော့တာပေါ့။ အဲဒီမှာ ဇာတ်လမ်းက ရှုပ်လာရော။ သူ့ကိုပါ ခေါ်ရမယ့်အခြေစိုက်ရော။ “အဲဒီတော့ မထူးပါဘူး၊ မင်းသမီးပါခေါ်ခဲ့ကွာ” ဆိုပြီး သားအဖသုံးယောက်သား မနက် ၅ နာရီလောက် ချမ်းချမ်းစီးစီးနဲ့ လမ်းလျှောက်ထွက်ကြတာပေါ့။ သမီးလေးကတော့ ပျော်လို့ပါးလို့ပါပဲ၊ တခစ်ခစ်နဲ့ အသံထွက်ပြီး ရယ်လိုက်တာလည်း ခဏခဏပါပဲ။ ပျော်ရင်လည်း ပျော်စရာပဲပေါ့။ ဒါက သူ့အတွက်ဘဝမှာ ပထမဆုံး ဆောင်းရာသီမနက် လမ်းလျှောက်ခြင်း ဖြစ်တော့တာကိုး။ အရှေ့ဘက်ကောင်းကင်မှာ ရောင်နီကလေးတောင်မှ တက်မလာသေးလို့ ပုံမှန်လမ်းလျှောက်တဲ့သူတွေတောင် ကောင်းကောင်း မရှိသေးဘူး။ ပထမငါးမိနစ်လောက်ကတော့ ကျွန်တော့်အတွက် စိတ်ပျက်စရာပဲ။ လူက သွက်သွက်လက်လက်လည်း လျှောက်လို့မရဘူး သမီးက အခုမှ သုံးနှစ်ခွဲဆိုတော့ သူ့ကို စောင့်စောင့်ခေါ်ရသေးတော့ သွေးက တော်တော်နဲ့  မပူနိုင်ဘူး။  မိန်းမကိုလည်း ဒါမင်းအပြစ်ဆိုတဲ့ သဘော လှမ်းလှမ်းကြည့်ရသေးတယ်။ တကယ်က မထဘဲ အိပ်ရာထဲပေအိပ်နေခဲ့ရမှာ၊ ငါ့မှာလည်း တစ်ဒုက္ခ ကိုယ့်မိန်းမစိတ်ဆိုးလို့ ပြောတာကိုပဲ မာနထိပါးသလို နာသလိုတွေ ဇာတ်လမ်းတွေ ဆင်၊ မခံချင်စိတ်နဲ့များ အိပ်ရာက ထလိုက်ရတယ်လို့ပဲ ဖြစ်ရသေးတယ်လို့  စိတ်ပျက်နေမိတယ်။ ဒါလည်း ခဏပါပဲ သမီးကလေးက ပျော်နေပြန်တော့လည်း မနက်ခင်းတိုင်း သမီးကို ခေါ်၊ လမ်းတော့ မကြာမကြာလျှောက်ပေးမှလို့ ပီတိစိတ်ကလေးနဲ့ တွေးမိသား။ လျှောက်ရင်း လျှောက်ရင်း သွေးကလေး ပူ၊ အချမ်းကလေး လျော့လာတော့မှ ငါဘာဖြစ်လို့များ ဆောင်းတွင်းမနက်ခင်းတွေမှာ လမ်းထမလျှောက်ဖြစ်ခဲ့ပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိရော။ အခုလိုလမ်းလျှောက်ဖြစ်ဖို့ တိုက်တွန်းပေးတဲ့ မိန်းမကိုလည်း ကျေးဇူးတင်လိုက်မိတယ်။ ပါးစပ်ကတော့ ထုတ်မပြောပါဘူး။ မနက်ခင်း နည်းနည်းလင်းစပြုလို့ အိမ်ပြန်လမ်းကျမှလမ်းမှာ မိန်းမကို ပြောမိတယ်။ “နောက်နေ့တွေတော့ နေ့တိုင်းလမ်းလျှောက်မယ်ဟေ့၊ လိုက်ချင်လိုက်ခဲ့” ဆိုပြီး တကယ့်ကို ရွှင်ရွှင်ပျပျယုံယုံကြည်ကြည်နဲ့ ပြောခဲ့တာပဲ။ ဒါပေမဲ့အခုချိန်ထိ မနက်ခင်းတွေ ဘယ်လိုနေတွေထွက်လာခဲ့တယ် မသိနိုင်တော့ပါဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ မိန်းမကတော့ အခုထိ  သူသတိရတဲ့ တချို့ရက်တွေမှာ လှောင်လို့ ကောင်းနေတုန်းပဲ။ “မနက်က လမ်းလျှောက်တာ ဘယ့်နှယ့်တုန်း” ဘာညာပေါ့။ ကျွန်တော်ကတော့ ပြုံးပြုံးနဲ့ မသိချင်ယောင်ဆောင်နေလိုက်တာပဲ။ လူက ဘာလုပ်လုပ် ကိုယ်လုပ်ချင်မှဖြစ်တာ။ စိတ်ထဲ သိပ်ထားမနေဘူး။ မနက်ခင်း လမ်းမလျှောက်ရလို့များကတော့ ဘာမှ ဖြစ်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေလိုက်တာပေါ့။ ဒါပေမဲ့လည်း “တစ်နေ့တော့ လမ်းကိုလျှောက်ပြလိုက်ဦးမယ်ဟေ့” လို့တော့ စိတ်ထဲက ကျိတ်ပြီး ကြုံးဝါး ဆုံးဖြတ်လိုက်သေးတယ်။

တချို့အဖြစ်ကလေးတွေကတော့ ကျွန်တော့်အတွက် တစ်သက်တာ အမှတ်ရစရာပဲ။  ထူးထူးဆန်းဆန်း အဖြစ်ကလေးတွေမို့ အမြဲသတိရနေရတာလည်း မဟုတ်ဘူး။ အဖြစ်တွေကတော့ လူတိုင်း ကြုံဖူးကြတာမျိုး သာမန်ကိစ္စလေးတွေပါပဲ။ ကိုးတန်းကျောင်းသားနှစ်က မနက်စောစောတစ်ခုမှာ ခရေပန်းကောက်ခဲ့တဲ့ အဖြစ်ကလေး။ ဆူးလေဂိတ်မှာ ငယ်သူငယ်ချင်းကောင်မလေးတစ်ယောက်ကို ငါးပေ ၁၀ ပေအကွာလောက်က ဆုံလိုက်မိပေမဲ့ နှုတ်ဆက်ချင်စိတ်မရှိလို့ တစ်ဖက်လှည့်၊ မမြင်ချင်ယောင်ဆောင်လိုက်တာကို အဲဒီသူငယ်ချင်းမလေးက မြင်သွားတော့ သူ့ရဲ့ စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာကလေးကို မြင်ယောင်မှတ်မိနေတာမျိုးတွေပါ။ အဲဒါကလေးတွေက ဇာတ်လမ်းတစ်ခု ဖြစ်မလာနိုင်တဲ့ အရာတွေပဲ။ နေ့စဉ်ဘဝတစ်ကွေ့မှာ  ဆံပင်ညှပ်ပြီးကာမှ ပုံမကောင်းလို့စိတ်တိုပြီး  ဆံပင်ညှပ်ဆရာကို ကောလိုက်ချင်ပေမဲ့ ဆံပင်ညှပ်ဆရာက ဗလတောင့်နေလို့ အသာလစ်ထွက်လာခဲ့ရတာမျိုးလောက်ပဲ။ ဆံပင်ရှည်လာတဲ့တစ်နေ့ မေ့သွားရောဖြစ်ရမှာ။ ဒါပေမဲ့  မမေ့ဘူး အစဉ်အောက်မေ့နေမိတယ်။ တစ်ခါတလေစာရေးဖို့ ဘာအကြောင်း ရေးရမယ် မသိလို့ စဉ်းစားခန်းထုတ်နေချိန်ဆို အဲဒီအဖြစ်ကလေးတွေက အတွေးထဲဝင်ဝင်လာတယ်။ ငယ်ငယ်တုန်းကတော့ အသည်းလည်း ခဏခဏ ကွဲဖူးပါတယ်။ ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေဆိုတာလည်း တော်တော့်ကို များတယ်။ သူတို့အတွက်တော့ ကျွန်တော်ဟာ ကောင်းကင်ပေါ်မှာ ရှိတဲ့ ကြယ်တွေအများကြီးထဲက တစ်လုံးပဲ။ ရှိတယ်လို့တောင် မထင်ခဲ့ကြဘူးလေ။ ဖြစ်သင့်တာက အဲဒီလို အချစ်ဇာတ်လမ်းလေးတစ်ခုကို နာနာကျင်ကျင်နဲ့ ပြန်သတိရမိရင်တောင် အချစ်ဝတ္ထုကလေးဖြစ်ဖြစ် ကဗျာဖြစ်ဖြစ် ကျွန်တော်ရေးဖြစ်ချင် ရေးဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒါတွေ သတိမရပါဘူးဗျာ၊ မေ့လည်း မေ့ကုန်ပြီ။ ခုနက ပြောတဲ့ ဘာမဟုတ်တဲ့ အကြောင်းကလေးတွေကပဲ ရှေ့နောက်တန်းစီ ရောက်လို့သာလာတယ်။ အဲဒီတော့လည်း မတတ်နိုင်ဘူးလေ၊ ဘာမဟုတ်တာလေးတွေကိုပဲ တစ်နေ့  တစ်နေ့ ထိုင်စဉ်းစားနေမိသလို ဖြစ်ပြီပေါ့။ အင်းပေါ့လေ၊ ကျွန်တော်ကလည်း တကယ် တွေးကြည့်မိတော့ ဘာမဟုတ်တဲ့ကောင်ပါပဲ။

အခုကတော့ ကျွန်တော်လည်း လူငယ်တစ်ယောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နောင် ၁၀ နှစ်ဆိုတာနဲ့ကို အရာရာပြောင်းလဲသွားတော့မှာ။ အချိန်ကာလရဲ့ တော်တော်နဲ့မပြောင်းလဲတဲ့ သဘောကြောင့်သာ နောင် ၁၀ နှစ်လို့ ပြောရပေမဲ့ နောင် ၁၀ နှစ်ဆိုတာက တစ်ဦးတည်းသဘောအရတော့ သေချာလှတာတော့ မဟုတ်ဘူး။ နောက်ပြီး အချိန်အပေါ် ခံစားမှုကလည်း အသက်အရွယ်အလိုက် ပြောင်းလဲလာတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီး အချိန်က သိသိသာသာမြန်လာတယ်။ နောင်ဆို ဒီထက်ပိုမြန်လာလိမ့်ဦးမယ်ဆိုတာလည်း သိပြီးသား။ အသက် ၃၀ မှာ ဖတ်ဖို့ဆိုပြီး လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ် လောက်က ဖြစ်မယ်။ ဒိုင်ယာရီစာအုပ်တစ်အုပ်ထဲ ၀ါကျတစ်ကြောင်း ရေးခဲ့မိတယ်။ တခြားတော့ မဟုတ်ပါဘူး “ဒီနေ့ ငါ့အသက် ၃၀ ပြည့်ပြီ” ဆိုတဲ့ ၀ါကျတိုလေးပဲ။ ဒါပေမဲ့ အဲဒါကို မေ့နေလိုက်တာ ပြီးခဲ့တဲ့လကမှ စာအုပ်ပုံရှင်းရင်း ဖုန်တက်နေတဲ့ အဲဒီစာအုပ်ကို တွေ့၊ လျှောက်လှန်ကြည့်မိတော့မှ ပြန်တွေ့တယ်။ စာတစ်ကြောင်း စာတစ်ပိုဒ်အောက်မှာ နေ့စွဲ ရေးတတ်တဲ့ အကျင့်တောင်မရသေးဘူး။ နောက်ပြီး လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်က ချာတိတ်လေး မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်လည်း အထမမြောက်ရှာဘူး။ အသက် ၃၀ ကျော်ပြီး အတော်ကြာမှ ဖတ်လိုက်ရတာကိုး။ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ဘာမှမဟုတ်တဲ့ ၀ါကျတစ်ကြောင်းကိုများ ရုပ်ရှင်တွေထဲကလို ပဟေဠိဆန်ဆန် ဘယ်နှနှစ်မှာ ဖွင့်ကြည့်ပါ ဘာညာ လုပ်ချင်ခဲ့ရသလဲတော့ မမှတ်မိလို့ မပြောတတ်တော့ဘူး။ ကလေးအတွေးပဲ နေမှာပေါ့။ အဲဒီတုန်းကတော့ လူကအရာရာကို စိတ်ကူးနဲ့  မှန်းဆနေတာပဲ။  အောင်မြင်တဲ့ ကဗျာဆရာဖြစ်ရမယ်တို့၊ ဝတ္ထုရှည်ကြီး တစ်ပုဒ်ရေးမယ်တို့၊ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် ယူမယ်တို့ (အဲဒီတုန်းက မိန်းမနဲ့တောင် ညားပြီးပြီလား မပြောနိုင်ဘူး) ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် စသဖြင့် အနာဂတ်မှာ ဖြစ်ချင်တဲ့ကိစ္စ ဖြစ်နေပြီဆိုတဲ့ ပုံရိပ်ကိုမှန်းဆပြီး တပြုံးပြုံး လုပ်နေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီတုန်းက နောင် ၁၀ နှစ်၊ ၁၅ နှစ်ကို တွေး၊ တပြုံးပြုံးလုပ်နေတဲ့ ချာတိတ်ကလေးတစ်ယောက်ဟာ အဲဒီတုန်းက အဲဒီအချိန်တွေမှာတော့ တမဲ့မဲ့ ဖြစ်နေရတယ်လို့တော့ တွေးမိပါရဲ့။ အခုလည်း တစ်ခါ  နောင် ၁၀ နှစ်ဆိုတာကိုပဲ တွေးနေပြန်ပါပြီ။  လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလို ရည်ရွယ်ချက်မျိုးတွေ မဟုတ်တော့ပေမဲ့ တပြုံးပြုံးမလုပ်တော့ပေမဲ့ အနှစ်သာရအားဖြင့်တော့ သိပ်မခြားနားလှဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နောင် ၁၀ နှစ်ကတော့ အခုပြောဖို့ စောပါသေးတယ်။

 

Most Read

Most Recent