တာဝန်ယူတတ်ခြင်းနှင့် ကောင်းသောအုပ်ချုပ်ရေး

တာဝန်ယူတတ်ခြင်းနှင့် ကောင်းသောအုပ်ချုပ်ရေး
Published 28 August 2019

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးမှာ လွယ်ကူချောမွေ့မှု မရှိနိုင်ဟုဆိုသော်လည်း ပြည်သူကရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ်ကို တည်ဆောက်နိုင်ရန် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အစိုးရအဖွဲ့များ၌ လွတ်လပ်သော စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု၊ အရည်အသွေးဆိုင်ရာ ထိရောက်မှု၊ မျှတမှု၊ တာဝန်ခံမှု စသည့်အချက်များအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရတစ်ရပ် မဖြစ်မီနှင့်ဖြစ်လာသည့် အခြေအနေတို့သည် များစွာကွဲပြားမည်ဖြစ်သည်ဆိုခြင်းကို တင်ကြိုမှတ်ယူထားရပေလိမ့်မည်။ အာဏာထက် တာဝန်ယူရခြင်းဟူသည် ပို၍မြင့်မြတ်သော အယူအဆဖြစ်သဖြင့် တိုင်းပြည်အုပ်ချုပ်ရေးကဏ္ဍတွင် တာဝန်ကြီးစွာ ရယူထားသူများသည် မိမိတို့ မည်မျှပြည်သူအပေါ် တာဝန်ကျေသနည်းဆိုသည့် အချက်ကိုပြသသာ မိမိတို့၏ အောင်မြင်ခြင်း ကျရှုံးခြင်းစသည့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို မှတ်ကျောက်တင်ခံနိုင်ကြရမည် ဖြစ်သည်။

တာဝန်ခံမှုရှိခြင်းကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်းရှိခြင်းဟု ဆိုရမည်ဖြစ်သည်။ မိမိယူထားရသည့် တာဝန်သည်စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်းဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီဆောင်ရွက်ခဲ့ခြင်း ရှိမရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း အချိန်မီလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ အစရှိသည်တို့ပါဝင်သည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားဆိုင်ရာ ရှင်းလင်းသော သတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်ရန်ရရှိနိုင်သော ဘတ်ဂျက်တို့ ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်းတာဝန်များနှင့် ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်ရန်လည်း အရေးကြီးသည်။ တာဝန်ယူသော သက်ဆိုင်ရာပုဂ္ဂိုလ်များ၌ လိုအပ်သောအရည်အချင်းများ ရှိမရှိနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ရင်းမြစ်ဆိုင်ရာ လုံလောက်မှု ရှိမရှိ အစရှိသည်တို့အပေါ် တွက်ချက်နိုင်မှုသည်လည်း အရေးကြီးသည်။

ကောင်းသောအုပ်ချုပ်ရေး တစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည်များစွာ စကားပြောသည်။ မျက်မှောက်ခေတ်တွင် တာဝန်ယူ တာဝန်ခံမှုမရှိသော အစိုးရတစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံသည် ကျဆုံးသွားနိုင်သည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူရသူများ အနေဖြင့် လိုက်နာကျင့်ကြံအပ်သည်များကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆလုပ်မိလျှင် သော်လည်းကောင်း အကျိုးဆက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှုမရှိလျှင်သော်လည်းကောင်း တိုင်းပြည်နိုင်ငံသည် အဘက်ဘက်မှ ချွတ်ခြုံကျ၍ ကျဆုံးသွားတတ်သည်။ အခြေခံကျသော အခြေအနေရပ်များနှင့် တာဝန်ဝတ္တရားများကို အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ အစိုးရတစ်ရပ်က မှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ယင်းနိုင်ငံများကို ကျဆုံးနေသည့် နိုင်ငံများ (Failed State) ဟု ခေါ်ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ  တာဝန်ယူ တာဝန်ခံမှုရှိခြင်းသည် အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်ရန်ခက်ခဲသော ဝန်းကျင်တစ်ရပ် ဖန်တီးရေးအတွက်လည်း များစွာအထောက် အကူဖြစ်စေသည်။ ယင်းကြောင့် ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်အတွက် ကျင့်ဝတ်စည်းကမ်းများအား စောင့်ထိန်းနိုင်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိခြင်းတို့သည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent