သရုပ်ဆောင်မေတိုးခိုင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်မေတိုးခိုင်နှင့် တွေ့ဆုံခြင်း
Published 27 August 2019
လင်းလင်းခိုင်

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်၏ တူမအရင်းဖြစ်ပြီး ငယ်စဉ်ကတည်းက လှပကာ ဖက်ရှင်ကျနသည့်ဟန်ပန်များဖြင့် တွေ့မြင်ရလေ့ရှိသည့် သရုပ်ဆောင်မေတိုးခိုင်မှာ ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် ‘ရူးအောင်ချစ်မယ့်လူ’ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်အကယ်ဒမီနေတိုး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့နှင့်အပြိုင် သရုပ်ဆောင်ထားကာ မကြာမီရုံတင်ပြသတော့မည်ဖြစ်သည်။ လတ်တလောတွင် သက်ငယ်မုဒိမ်းပညာပေးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည့် သရုပ်ဆောင်မေတိုးခိုင်နှင့် တွေ့ ဆုံ၍ ရူးအောင်ချစ်မယ့်လူဇာတ်ကားရိုက်ကူးခဲ့သည့် အတွေ့အကြုံများ၊ လတ်တလော လုပ်ဆောင်လျက်ရှိသည့် အနုပညာလုပ်ငန်းများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

 

မေး- ရူးအောင်ချစ်မယ့်လူ ဇာတ်ကားရုံတင်တော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ- အရမ်းပျော်နေသလို စိတ်လှုပ်ရှားနေပါတယ်။ အနုပညာ လောကထဲကို ပထမဆုံးဝင်ရောက်လာတဲ့ အလုပ်လည်းဖြစ်တယ်။ ကြားထဲမှာ သုံးနှစ်လည်း စောင့်ခဲ့ရတယ်။ အခုပြသခွင့်ရတော့မယ်ဆိုတော့ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။

မေး- အဲဒီဇာတ်ကားရိုက်ဖြစ်ခဲ့တာကရော ဘာကြောင့်လဲ။

ဖြေ-ပြောရမယ်ဆိုရင် ၂၀၁၆ တုန်းက ကျောင်းတစ်နှစ်နားမယ်ဆိုပြီး မြန်မာနိုင်ငံပြန်လာတုန်းမှာ မခင်စန္ဒာမြင့်က လာဆက်သွယ်တယ်။ အသစ်တစ်ယောက်ကို အခုလိုကမ်းလှမ်းတယ်ဆို တော့ကိုယ်တိုင်လည်း လုပ်ချင်စိတ်ရှိတဲ့အတွက် လက်ခံဖြစ်တယ်။ သိသိချင်းမှာ ဇာတ်ညွှန်းကို အရင်တောင်းတယ်။ ဖူးဖူးနဲ့လည်း လိုက်မယ်လို့ပြောကြသလို တီအူဝဲကလည်း လုပ်ကြည့်ပါလို့ပြောတယ်။ ပြင်ဆင်ချိန်နှစ်လလောက်ပဲ ရခဲ့တယ်။ အစိမ်းသက်သက်တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီး ရိုက်ရတာဆိုတော့ကြောက်လည်း ကြောက်တယ်။ အများကြီး ကြိုးစားခဲ့ပါတယ်။

မေး- ဒီဝတ္ထုက အရမ်းကောင်းတဲ့ဇာတ်လမ်း လည်းဖြစ်နေတော့ ဖူးဖူးအတွက် ပိုပြီးပြင်ဆင်ခဲ့ရလား။

ဖြေ- ဒီဇာတ်ကားမှာပါတဲ့ အဓိက ဇာတ်ရုပ်သုံးခုက လုံးဝမတူကြဘူး။ ကြည့်ရင်တော့ တွေ့မှာပါ။ ညီမက ဘာမှမသိဘူး။ အဒေါ်ကို အရမ်းချစ်တဲ့ ကလေးဆိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတော့ ပေါ့ပေါ့ပါးပါးတော့ရှိတယ်။ နောက်ပိုင်း Scene တွေကတော့ ဒရာမာပေါ့နော်။ ပြောရရင်ပထမပိုင်းချွဲနွဲ့ပြီးနေ ရတဲ့အပိုင်းမှာက ပိုခက်သလိုဖြစ်နေတယ်။ ဖူးဖူးက အဲဒီလိုအပြင်မှာ သိပ်မနေတတ်တော့ နောက်ပိုင်း Scene တွေက ပိုအဆင်ပြေတယ်။

မေး- တခြားတွဲဖက်ပါဝင်ခဲ့တဲ့သူတွေက ကိုနေတိုးတို့ မအူဝဲတို့လို ၀ါရင့်တွေဖြစ်နေတော့ ဖူးဖူးအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။

ဖြေ- ဖူးဖူးကသူတို့နဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့။ ကိုယ်က အများကြီးလည်း မလုပ်နိုင်သေးဘူး။ သူတို့နှစ်ယောက်လုံးရဲ့ Support က ဖူးအတွက် အများကြီးအထောက်အကူပြုတယ်။ ဦးနေတိုးဆိုရင် သူမပါတဲ့ Scene တွေမှာတောင် ဖူးဖူးကို Support ပေးတယ်။ တီတီဝဲဆိုရင်တော့ မပြောတော့ဘူးပေါ့နော်။ ဒီဇာတ်ကား ရိုက်မယ်ဆိုကတည်းက Scene Test တွေ လုပ်ပေးတယ်။ အများကြီးပြင်ဆင်ပေးတယ်။ သူတို့နဲ့ရိုက်လို့ ရှိန်တာမျိုးထက် ခွန်အားတွေပိုရပါတယ်။

မေး- အပြိုင်သရုုပ်ဆောင်တဲ့အခါ ကိုယ်တစ်ယောက်တည်း ကျန်နေတာမျိုး မဖြစ်အောင်ရော ဘယ်လိုပြင်ဆင်ခဲ့လဲ။

ဖြေ- အဓိကတော့ ဇာတ်ညွှန်းကိုသေချာနိုင်အောင်ဖတ်တယ်။ ကိုယ်က ဘာမှမသိတဲ့ အသက် ၁၈  နှစ်အရွယ် ကောင်မလေးတစ်ယောက်ပေါ့နော်။ ခဏခဏ ပြန်လုပ်ရတာလည်းရှိတယ်။ အခုပြန်ကြည့်တဲ့အခါ အများကြီးပြန် လုပ်လို့ရမယ့် အရာတွေလည်းမြင်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက အသစ်တစ်ယောက်အနေနဲ့တော့ အများကြီးအားရပါတယ်။

မေး-ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင်ရော။

ဖြေ- အမှတ်တရဆိုရင်တော့ တီတီအူဝဲက ကားအစကနေ အဆုံးထိပါပဲ။ ဦးနေတိုးကကျတော့ သုဝဏ္ဏလမ်းဆုံမှာရိုက်တဲ့ Scene ပေါ့။ အရမ်းလည်း ပူနေတဲ့အချိန်မှာ ဟဲဗီး Scene ရိုက်ရတယ်။ မျက်ရည်က မထွက်တော့ဘူး။ အဲဒီချိန်မှာ ဦးနေတိုးက ဘေးကနေ ဖူးဖူးငိုလို့ရအောင် စိတ်ခံစားမှုကိုပြောပြ ပေးခဲ့တယ်။ အဲဒါလေးက အမှတ်တရပါ။

မေး- မအူဝဲကျတော့ ဇာတ်ရုပ်တိုင်းကို အပြည့်စိတ်နှစ်ပြီးလုပ်တတ်တဲ့သူဆိုတော့ သူသရုပ် ဆောင်တာကိုကြည့်ပြီး Inspiration ရတာမျိုးရှိလား။

ဖြေ- အဲဒါတော့အများကြီးပေါ့။ တီဝဲနဲ့က ငယ်ငယ်တည်းက ရှုတင်တွေလိုက် ဖြစ်တယ်။ ဒီကားမတိုင်ခင်မှာလည်း ရှုတင်တွေလိုက်လေ့လာဖြစ်တယ်။ ဒီကားရိုက်တဲ့အချိန်မှာလည်း ဦးနေတိုးနဲ့ တီတီဝဲတို့မုဒ်တွေကို ကြည့်ရင်းနဲ့ပဲ ကိုယ်ပါလိုက်စီးမျောပြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ ခံစားမှုတွေ အသက်သွင်းလို့ ရစေခဲ့တယ်ပေါ့။ ပရိသတ်တွေကိုလည်း ရုံတင်တဲ့အခါ ကြည့်စေချင်ပါတယ်။

မေး-ပရိသတ်တွေကို အကြိုပြောချင်တာများ ရှိမလား။

ဖြေ-အစိမ်းသက်သက် တစ်ယောက်အဖြစ်ကနေ စပြီးရိုက်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ သင်ယူလေ့လာထားတာ အများကြီးမရှိပေမယ့် အခရာဆိုတဲ့ ကာရိုက်တာလေးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားထားလို့ အဲဒီကာရိုက်တာလေးအဖြစ်မြင်စေချင်ပါတယ်။ မေတိုးခိုင်မဟုတ်ဘဲ အခရာဆိုတဲ့ ကာရိုက်တာလေးနဲ့သရုပ်ဆောင်ထားတာကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

မေး-သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကား ရိုက်နေတဲ့အကြောင်းလေး ပြောပေးပါဦး။

ဖြေ- ကလေးအသား ခါးသည်ဇာတ်ကားနဲ့ပတ်သက်ပြီး ဇာတ်ကားမှာအတူ ပါဝင်တဲ့ မင်းဆက်သစ်ကလာပြီး ပြောပြတယ်။ ကိုယ်တိုင်လည်း တစ်ထောင့်တစ်နေရာက ပါဝင်လှုပ်ရှားချင်တယ်။ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ ကြည့်လိုက်ရတဲ့သူတွေအတွက် အသိပညာလေး တစ်ခုခုရသွားစေချင်တယ်။ ဒါကြောင့် လက်ခံရိုက်ကူးဖြစ်တာပါ။ ကိုယ်တိုင်လည်း ကလေးတွေအရမ်းချစ်တဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးတွေကို ဘယ်ကလေးမှာမှ မကြုံစေချင်ဘူး။ ဒါ ကြောင့်လည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးဖြစ်တဲ့သဘောပါ။

မေး-ပရိသတ်တွေကိုပြောချင်တဲ့စကား လက်ဆောင်ရှိရင် ပြောပေးပါဦး။

ဖြေ-ဖူးကိုချစ်တဲ့ ပရိသတ်တွေအတွက် ဖူးအများကြီးကြိုးစားနေပါတယ်။ အားပေးစေချင်ပါတယ်။                                       

 

Most Read

Most Recent