လက်ဖက်ရည်ဆိုင်

လက်ဖက်ရည်ဆိုင်
Photo: AFP
Photo: AFP
Published 16 August 2019
လင်းခါး

လက်ဖက်ရည်ဆိုင်တွေက ရှိတော့ရှိနေသေးတုန်းပါပဲ။ လက်ဖက်ရည်ဆိုင် ဓလေ့တွေကတော့ ရှားပါးကုန်ပြီလို့ထင်တယ်။ ဒါပေမဲ့လည်း လက်ဖက်ရည်ဆိုင်ဓလေ့ဆို တာဘာပါလိမ့်လို့ ဆိုရင်တော့ ကျွန်တော် လည်း ပြောမပြတတ်ဘူး။ ကက်ဆက်တိတ်ခွေကလေးတွေ ယူလာပြီး လုဖွင့်ခိုင်းတဲ့ ကိစ္စလား၊ ကိုယ့်ကိုယ်ကိုယ် ဒေါက်တာရေချမ်းလို့ မှတ်ယူပြီး ခပ်ကျကျ လက်ဖက်ရည်တစ်ခွက် သောက် ဆေးလိပ်မီးခိုးကို ခပ်သာသာ မှုတ်ထုတ်လိုက်ရင်း ငေးမောနေ သို့မဟုတ်လည်းပဲ ပျော်တတ်တဲ့ အပေါင်းအသင်းတွေနဲ့ ဟေး လားဝါးလား လုပ်နေတတ်တဲ့ ဘဝမျိုးပဲလား။ နေ့စဉ် တကယ့်ဘဝနဲ့ ခေတ်ကြီးကို မေ့ထားလိုက်ပြီး ပျင်းတိပျင်းတွဲ လမ်းကို ငေးနေရတဲ့ အရသာမျိုးလား။ အဲဒီထက်ပိုပြီး ထိုက်တန်တဲ့ တခြားသော လက်ဖက်ရည်ဆိုင်ဓလေ့ အကြောင်းရင်းတွေလည်း ရှိနေမှာပါ။

လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာဟာ ဟိုအရင်အချိန်တွေတုန်းကလို မဟုတ်တော့တာတော့ သေချာပါတယ်။ ဒီနေ့မှာ နာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်ကို သွားထိုင်ကြည့်လိုက်ရင် စနစ်တကျကြီးဖြစ်ပြီး သားနားပြောင်ရောင်နေတဲ့ ထိုင်ခုံတွေ၊ များပြားလှတဲ့ လူတွေ၊ အော်ခေါ်ပေမဲ့ မကြားချင်ယောင်ဆောင်နေတဲ့ စားပွဲထိုးကလေးတွေ၊ တစ်ယောက်နဖူးနားအထိ တစ်ယောက် ကပ်ထိုင်ရင်း ရှုပ်ထွေးလှတဲ့ အလုပ်ဇယားတွေအကြောင်း ပြောဆိုနေကြတဲ့ လေးထောင့်ကွက်ပုံပေါက်နေတဲ့ လူတွေ၊ တချို့ဆို ရင် ယူနီဖောင်းတွေနဲ့ ဝန်ထမ်းတွေ၊ မြို့ထဲက ဆိုင်တွေဆီ လှည့်ပတ်ထွက်ဖို့အရေး ဗျူဟာဆွဲ၊ အားယူနေကြတဲ့ အရောင်းဝန်ထမ်းတွေ၊ လက်ဖက်ရည်ဆိုင်ဝန်းကျင်ဟာ မီးဖိုပေါ်က အဖုံးမလုံတဲ့ ရေနွေးအိုးလို ဆူညံပွက်လော ရိုက်လို့နေတာပဲ။ လက်ဖက်ရည်ကတော့ သိပ်ကောင်းလှတယ် မဟုတ်တော့ဘူး။

အဲဒီလူအုပ်ကြီးအလယ်မှာ ဘယ်သူက လက်ဖက်ရည်ကို ဇိမ်နဲ့ မျှဉ်းသောက်နိုင်တော့မှာလဲ။ ဆေးလိပ်မီးခိုးကို ခေါင်းမော့ မှုတ်ထုတ်လိုက်ရင်း ရုပ်ရှင်ဆန်ဆန် ပျင်းတိလေးကန်လုပ်နေလို့ ဘယ်ရတော့မှာလဲ။ ရေ ခွက်ထဲ စိမ်ထားတဲ့ အကြမ်းခွက်ကလေးကို ထုတ်၊ ရေနွေးပူနည်းနည်း ငှဲ့ထည့်လိုက်ပြီး ဘေးကို ဘယ်လိုလုပ် သွန်ထုတ်ပစ်လိုက်လို့ ရမှာလဲ။ ခုံကို လက်ဆစ်နဲ့ခေါက်ရင်း သီချင်းသံကို ဘယ်လိုလုပ် စည်းချက်လိုက်လို့ ရမှာ လဲ။ (သီချင်းသံတွေကို ပျောက်ဆုံးသွားတာ)။ ထိပ်ဆုံးကဝိုင်းမှာ ထိုင်ရင်း လမ်းက ဖြတ်သွား တဲ့ အပျိုမလေးတွေကို ဘယ်လိုငေးလို့ရတော့မှာလဲ။ အားလုံးဟာ မြန်သွားပြီ။ ရိုက်ထုတ်လိုက်လို့ ကျင်းဆီ ပြေးသွားရတဲ့ ဂေါက်သီးလိုကို မြန်သွားတာ။

အရင်တုန်းကတော့ ကောင်မလေးတွေ ကိုယ်တိုင်က လက်ဖက်ရည်ဆိုင်ရှေ့ကနေ ဖြတ်လျှောက်သွားရတာကို ရှိုးတိုးရှန့်တန့်ဖြစ်၊ ဘယ်လိုပဲ စိတ်ကသိကအောက်ဖြစ် ပင်ပန်းလှပါတယ်ဆိုဆို တစ်နေ့တစ်ကြိမ်လောက် တော့ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်ချင်စိတ်ကလေး ရှိကြမယ်လို့ ထင်တယ်။ အခု တော့ အဲဒါတွေက ဒဏ္ဍာရီအလားပဲ။ ထွေပြား မနေမနားဘဲ တထပ်ထပ်နဲ့ ရွေ့လျားနေကြပြီ။ သုတ်သုတ် သုတ်သုတ်နဲ့ လစ်သွား တဲ့ ကောင်မလေး လမ်းလျှောက်ပုံကိုတောင် ဂရုမစိုက်နိုင်တော့အောင် ဘဝဝန်ပိနေပြီနဲ့ တူပါရဲ့။ အငေးသမားတွေရဲ့ အနှေးခေတ်ကြီးကလည်း မုချကုန်ပြီနဲ့တူပါတယ်။

အခုဆိုရင် ညနေခင်းမှာ လက်ဖက်ရည် သောက်ချင်တဲ့အခါ ဆိုင်ထိုင်ဖို့ ဒါမှမဟုတ် လည်း ပါဆယ်ဝယ်ဖို့အတွက် တစ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ လက်ဖက်ရည်ဆိုင်ကို သွားရတယ်။ ဆိုင်ကယ်လေး ရှိနေလို့ပဲ။  အရင်တုန်းက အရသာမျိုးနဲ့ဆိုရင် သုံး၊ လေးမိုင် က ဆိုင်ဆိုရင်လည်း သွားထိုင်ဖို့က တန်ပါတယ်။ ဒါပေမဲ့ အခုက ဘီယာဆိုင်တွေပဲ များများလာတယ်။ တစ်လမ်းထဲကို ဟိုဘက် ဒီ ဘက်ထိပ် နှစ်ဆိုင်ဖြစ်လာတယ်။ အဲဒီနှစ်ဆိုင်ကြားထဲမှာ အခုချိန်အထိ တစ်ပုလင်း ၂၀၀၊ ၃၀၀ နဲ့ ရောင်းနေသေးတဲ့ အရက်ဖြူ ဆိုင်ကလေးတွေက ရှိနေသေးတယ်။ ညနေ နေကျချိန်ကစလို့ ဆိုင်တိုင်းလည်း လူစည် ကားမြဲ။ လက်ဖက်ရည်ဆိုင်တွေကတော့ ည နေခင်းဆိုရင် ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည်ကလည်း ကျဲကျဲတောက်တောက်။

ဒါပေမဲ့လည်း ပျံကျရပ်ကွက်ကလေး တွေမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးတွေ မှာတော့ ညနေခင်း၊ ညခင်းတိုင်း လူစည်မြဲ။ ဒါပေမဲ့ အဲဒီစည်ကားနည်းက ရုပ်ဆိုးတယ် ဗျာ။ ဆိုင်ထဲက လူတိုင်းရဲ့ မျက်လုံးဟာ ဖုန်း စခရင်မ်ပေါ်မှာ၊ တချို့လူငယ်ကလေးတွေ ဆိုရင် အုပ်စုလိုက် တစ်ဝိုင်းတည်းထိုင်လို့ နက်ဝက်ချိတ်ပြီး ဆဲဆိုဂိမ်းဆော့ကြတာ။ ဆိုင်ကလေးကသာ ၀ါးထရံ သွပ်မိုး၊ ကျပ်ခိုး အပြည့်နဲ့ ၀ိုင်ဖိုင်ဖရီး ဝန်ဆောင်မှု မထားလို့ တော့ မရဘူး။ အဲဒီဂိမ်းဆော့တဲ့ လူငယ် ကလေးတွေကို ဆွဲဆောင်နိုင်တာဟာ လက်ဖက်ရည်အရသာမဟုတ် ၀ိုင်ဖိုင်ပဲလေ။ အဲဒီ လူငယ်ကလေးတွေထက်ကြီးတဲ့ ဒါမှမဟုတ် လူလတ်၊ လူကြီးများ ကျပြန်တော့ သူတို့ကိုယ် တိုင် တစ်ချိန်က လက်ဖက်ရည်ဆိုင်ခေတ် ကောင်းကြီးဆိုတာကို မီခဲ့ပါလျက်နဲ့ မေ့ပစ်ရက်နိုင်တယ်ဗျာ။ တီဗွီဖန်ပြားပေါ်က ဘော လုံးပွဲနဲ့အတူ အော်ဟစ်၊ ခပ်ကြမ်းကြမ်းအက်ရှင်ကားနဲ့အတူ စီးမျောလို့သာ နေပါတယ်။ အက်ရှင်ကားထဲက ကားသံ၊ ဗုံးပေါက်ကွဲသံ၊ စက်သေနတ်ပစ်သံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဆူညံသံတွေကတော့ အပန်းဖြေနည်းတစ်ခုလို့တောင် ခေါ်ဖို့ ခက်လှပါသေးတယ်။ ဒါပေမဲ့  ဒါတွေဟာ ယနေ့ခေတ် လက်ဖက် ရည်ဆိုင်တွေရဲ့ သရုပ်အမှန်ဖြစ်သွားပါပြီ။

လက်ဖက်ရည်ဆိုင်အသစ်တွေပေါ် လာနေမြဲပဲဆိုပေမဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းရဲ့ အဓိပ္ပာယ်က ပြောင်းလဲသွားတော့ လက်ဖက်ရည်ဆိုင်တွေရဲ့ ပုံစံတွေကလည်း ပြောင်းလဲကုန်တာပဲ။ လူ့အဖွဲ့အစည်းရဲ့ အ တွင်းစိတ္တဇက ရုပ်ကမ္ဘာရဲ့အသွင်သဏ္ဌာန်ကို ပြဋ္ဌာန်းမြဲပဲမဟုတ်လား။ ကျွန်တော်က တော်တော်ငယ်သေးတဲ့ အရွယ်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့်ရခဲ့သူမို့ လက်ဖက်ရည်ဆိုင်တွေရဲ့ ခေတ်ကောင်းကြီး တစ်ခေတ်ကို ကောင်းကောင်း မီခဲ့လိုက်သေးတော့လည်း လွမ်းစရာမရှိ ရှာကြံလွမ်းတာ ပေါ့ဗျာ။  လက်ဖက်ရည်တစ်ခွက် ခုနစ်ကျပ်ခေတ်ကနေ ယနေ့မှာ လက်ဖက်ရည်တစ်ခွက် ကျပ် ၅၀၀ ဖြစ်တဲ့အထိ နှစ် ၂၀ ကျော်သော လက်ဖက်ရည်ဆိုင်နှစ်တွေကို ဖြတ်သန်းခဲ့ရ သူအဖို့ တရုတ်စာရေးဆရာကြီး လောရှိရဲ့ လက်ဖက်ရည်ဆိုင် ပြဇာတ်လို၊ ဆရာမြသန်း တင့်ရဲ့ လက်ဖက်ရည်ဆိုင် အက်ဆေးလို မဟုတ်တောင် တောမရောက် တောင်မရောက် မဖြစ်ညစ်ကျယ် စာကလေးတစ်ပုဒ်လောက်တော့ ရေးလိုက်ချင်သား။

ကက်ဆက်တိတ်ခွေကလေးတွေ ယူယူလာ၊ ဆိုင်ရှင်ကို ဖွင့်ဖွင့်ခိုင်းပြီး မှိန်းနေတတ်တဲ့ ကိုယ့်ထက်ကြီးတဲ့ အစ်ကိုကြီးတွေကို ငေးရင်း အဲဒီဘဲကြီးတွေလိုမျိုး စီးကရက်ကို လက်ညှိုးနဲ့ လက်ခလယ်ကြား ဟန်ပါပါညှပ်၊ ဆေးပေါ့ လိပ်အသစ်ရဲ့ဖင်ကို စားပွဲခုံနဲ့ ဆေးသားကျပ် အောင် တဒေါက်ဒေါက်ခေါက်၊ မီးခိုးလမ်း မပိတ်အောင် ဖက်အစီခံကြားက အမှုန်အမွှား ကင်စင်းအောင် လုပ်နေ၊ သူတို့လို လေးလေး ကန်ကန် ဟန်ကြီးဖြစ်အောင် လုပ်ယူနေရတာ ကိုကပဲ ဘဝတစ်ခုဖြစ်လို့နေတယ်။ ငယ်တုန်းကတော့ အဲဒီလိုလိုက်လုပ်လို့သာ လုပ်ရတယ်။ ဘာကြောင့်မှန်းလဲ သိတယ်ရယ် မဟုတ်ဘူး။ ဒါပေမဲ့ နေ့လယ်နေ့ခင်း ငြိမ်သက်နေတဲ့ လက်ဖက်ရည်ဆိုင်အတွင်းထဲ စိုင်းထီးဆိုင်သီချင်းကလေး နားထောင်ပြီး တင်ပလ္လင်ချိတ်ထိုင် ဇိမ်ယူရတာဖြင့် သိပ်လူဖြစ်ကျိုး နပ်တာပဲလို့ တွေးမိတာပေါ့။

လက်ဖက်ရည်ဆိုင်မှာထိုင် ကောင်တာက ရွယ်တူကောင်မလေးကို ရှိုး၊ ဖွင့်ထားတဲ့ သီချင်းအလိုက်ကို သူမအတွက် ရည်စူးပါ တယ်ဆိုတဲ့အကြောင်း အသံမထွက်အောင် နှုတ်ခမ်းလှုပ်ရုံလိုက်ဆိုရင်း ဖွန်ကြောင်ရတာ သိပ်ရောမန္တိက ဆန်တာပေပဲ။ ကောင်တာက ကောင်မလေးကလည်း သူ့ကို ခံစားပြနေ၊ ကြည့်နေမှန်း သိပါလျက်ကြီးနဲ့ မသိချင် ယောင်တွေဆောင်၊ ခေါင်းကလေးစောင်းလို့ ဆံပင်တွေ ခဏခဏ သပ်တင်၊ စိတ်ကူးယဉ် နေတာလိုလို၊ အိန္ဒြေကြီးနေတာလိုလို၊ ဟိုးအဝေးကြီးက လမ်းပေါ်ကို ငေးသလိုလိုနဲ့ တစ်ချိန်လုံး ပဲများနေတာပါပဲ။ ကျွန်တော့်ဘဝမှာ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်က ကောင်တာထိုင်တဲ့ ကောင်မလေးနှစ်ယောက်ကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲဒီလို သွားသွား ငန်းခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ငမ်းတဲ့အဆင့်ပါပဲ။ ဘယ်တုန်းကမှလည်း ရှေ့ဆက်တိုးဖို့ မစဉ်းစားခဲ့ဖူးဘူး။ အဲဒီအပိုင်းကျ ကျွန်တော်က မစွံဘူးလို့ ပြောရမယ်။ ဝမ်းနည်းစရာပါဗျာ။

ရုပ်ရှင်တွေထဲကလို တစ်နေ့နေ့တော့ တစ်နေရာရာမှာ ပုခုံးချင်းတိုက်၊ သူ့လက်ထဲ က စာအုပ်တွေ လွတ်ကျ၊ အတူတူ ကုန်းကောက်ကြရင်း နဖူးချင်းတိုက်၊ နှစ်ယောက်စလုံး ဖင်ထိုင်လဲ။ ကျွန်တော်က သိပ်အားနာ၊ သိပ်ဝမ်းနည်း၊ သိပ်ယောကျာ်းပီသတဲ့ ဟန်မျိုးနဲ့ “ကျွန်တော် တောင်းပန်ပါတယ်ဗျာ” လို့ ပြော၊ သူမက “ဟုတ် ရပါတယ်ရှင်။ မတော် လို့ဖြစ်တာပဲ” လို့ ပြုံးစေ့စေ့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြော။ တစ်ယောက်နဲ့တစ်ယောက် နာမည်တွေ မိတ်ဆက်၊ ပြီးတော့ သိပ်မကြာခင်မှာပဲ ရည်းစားတွေဖြစ်ကုန်ကြမယ်လို့ လက်ဖက် ရည်ဆိုင်မှာထိုင် ကောင်တာကကောင်မလေးကို ငေး၊ ထိုင်ထိုင်တွေးနေရင်းနဲ့ အချိန်ကုန်သွားတာပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း သိပ်စိတ်ကူးယဉ်ချင်တဲ့ ကောင်မျိုး။ အဲဒီလို စိတ်ကူးယဉ်ရင်းနဲ့ပဲ ကျွန်တော့် ငယ်ဘဝတစ်ခုလုံးနဲ့ လက်ဖက်ရည်ဆိုင်ခေတ်ကြီးက ကုန်မှန်းမသိ ကုန်သွားခဲ့တယ် ထင်ပါတယ်။

အခုတော့ အဲဒီခေတ်ကြီး မရှိတော့ပါဘူးဗျာ။ လက်ဖက်ရည်ဆိုင် ကောင်တာတွေ မှာလည်း ငယ်ငယ် ချောချော ကောင်မလေး တွေ မထိုင်ကြတော့ဘူး။ သီချင်းချည်းသက်သက် အေးအေးငြိမ့်ငြိမ့်ကလေး ဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင်တွေလည်း မရှိတော့ဘူး။ ခွေးခြေခုံကလေးတွေ ၀ိုင်းဖွဲ့ထားတဲ့ ခပ်ညစ် ညစ်စားပွဲပုကလေးတွေ မရှိတော့ဘူး။ နှုတ်သီး ကော့ကော့ရှည်ရှည် ဒန်နဲ့ လုပ်ထားတဲ့ ရေနွေးကရားအိုးလေးတွေလည်း မရှိတော့ ဘူး။ ဒါပေမဲ့့  လက်ဖက်ရည်ဆိုင်မှာ ထိုင်၊ ဖက်ကြမ်းကလေး ဖွာလို့ တောင်ငေး တွေး၊ မြောက်ငေး တွေး လုပ်ချင်တဲ့ ကျွန်တော့်အကျင့်ကလေးက ရှိနေတုန်းပဲ။ ကျွန်တော့်လို အဲဒီလက်ဖက်ရည်ဆိုင်ဓလေ့လေးတွေကို လွမ်းနေမယ့်လူတွေလည်း အများကြီး ရှိနေ ဦးမှာ သေချာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မျိုးဆက်ရဲ့ ရှေ့က ဘီးကြဲတွေပေါ့။ သူတို့ခမျာလည်း ကျွန်တော့်လိုမျိုးပဲ ဘယ်မြို့ ကို ရောက်ရောက်၊ ဘယ်မြို့မှာ အခြေချရချရ မြို့ရဲ့ တစ်နေရာရာမှာ ဆိတ်ငြိမ်ရပ်ဝန်း က ဖေးဆိုင်ကလေးတွေများ ရှိနေလေဦးမလားလို့ လိုက်လိုက်ရှာမိကြမယ် ထင်ပါတယ်။ ပိတ်လှောင်မွန်းကျပ်ခဲ့တဲ့ ခေတ်ကြီးကို ဘယ် လိုပဲ မုန်းခဲ့တယ်ဆိုဆို အဲဒီခေတ်တွေထဲက လက်ဖက်ရည်ဆိုင်ကလေးတွေကိုတော့ သူတို့ လွမ်းနေကြမှာ သေချာပါတယ်။

Most Read

Most Recent