ဒုတိယလွတ်လပ်ရေးတိုက်ပွဲ (သို့မဟုတ်) ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာခြင်း၏ အဓိကရေသောက်မြစ်

ဒုတိယလွတ်လပ်ရေးတိုက်ပွဲ (သို့မဟုတ်) ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာခြင်း၏ အဓိကရေသောက်မြစ်
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ရှစ်လေးလုံးအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ရှစ်လေးလုံးအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 11 August 2019
စစ်အောင်

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပေါ်စေဖို့ အနီးဆုံးမီးပွားကတော့ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူတွေကို အစိုးရက ဖြုတ်သိမ်းခဲ့လို့ ပြည်သူအားလုံး အထိနာခဲ့ကြရပြီး အစိုးရအပေါ် မကျေမနပ်ဖြစ်ခဲ့ရာမှ အစပျိုးခဲ့ပါတယ်။

၁၉၈၅ ခုနှစ် နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာ ကျဆင်းလာခဲ့တဲ့နောက် ၁၉၈၇ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ သတ်မှတ်တာကို ခံလိုက်ရတယ်။

အဲဒီလို ငွေစက္ကူတွေ ဖျက်သိမ်းခံလိုက်ရတဲ့အဖြစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ဖြစ်ရပ်တွေကြောင့် ပြည်သူလူထုရဲ့စိတ်ထဲမှာ မကျေမနပ်ခံစားရမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မတ် ၁၂ ရက်ညမှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်အနားမှာရှိတဲ့ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ စက်မှုကျောင်းသား နဲ့ ရပ်ကွက်လူငယ်များ ခိုက်ရန်ပဋိပက္ခဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ တစ်ဖက် ကျူးလွန်သူတွေကို သက်ဆိုင်ရာရဲစခန်းက အရေးမယူနိုင်ခဲ့တဲ့အတွက် နောက်တစ်ရက်ဖြစ်တဲ့ မတ် ၁၃ ရက်ညမှာ ပိုမိုကြီးမားတဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ရတယ်။

အဲဒီလို အခင်းဖြစ်ပွားမှုကို လုံခြုံရေးနဲ့ ထိန်းသိမ်းရေး (လုံ/ထိန်း) ရဲတပ်ဖွဲ့က စက်မှု တက္ကသိုလ်ကျောင်းဝင်းထဲအထိ ဝင်ရောက်ပြီး သေနတ်တွေနဲ့ အင်အားသုံးပစ်ခတ် လူစုခွဲခဲ့တယ်။ အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ဟာ သေနတ်ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ကြတယ်။ ကိုဖုန်းမော်ဟာ နေရာတွင်ပဲ ကျဆုံးခဲ့ပြီး ကိုစိုးနိုင်ကတော့ ဆရာဦးစိန်မောင်နဲ့ ကျောင်းသားတချို့ RGH ကို လိုက်ပို့လို့ ဆေးရုံတင်ပြီး တစ်ပတ်အကျော်မှာ ကျဆုံးခဲ့ပါတယ်။

နောက်တစ်နေ့ မတ် ၁၄ ရက် အစိုးရ ထုတ်သတင်းစာမှာတော့ ကိုဖုန်းမော် ကွယ်လွန်ခဲ့ရတာဟာ လုံ/ ထိန်းရဲတပ်ဖွဲ့ရဲ့ သေနတ်ဒဏ်ရာကြောင့်လို့ မဖော်ပြဘဲ ပဋိပက္ခဖြစ်စဉ် ခိုက်ရန်ဖြစ်ပွားသေဆုံးရတယ်လို့ ဖော်ပြခဲ့တဲ့အတွက် စက်မှုတက္ကသိုလ်ကျောင်းသားတွေက သေနတ်ဒဏ်ရာကြောင့် သေဆုံးကြောင်း၊ သေနတ်ဒဏ်ရာကြောင့် ဆေးရုံတင်ကုသရကြောင်း အဖြစ်မှန်အတိုင်း သတင်းထုတ်ပြန်ပေးဖို့ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်ကြည်အား တောင်းဆိုုရာ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က ရှောင်လွဲနေပြီး နောက်ဆုံးတွင် မော်ကွန်းထိန်း ဦးဘိုအေးက အဖြစ်မှန်အတိုင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရကြောင်း လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

မော်ကွန်းထိန်း ဦးဘိုအေး လက်မှတ်ရေးထိုးပေးတဲ့ အဖြစ်မှန်စာရွက်ကို ကျောင်းသားတွေက မိတ္တူကူးဖြန့်ချိရာမှ ကျောင်းသားလှုပ်ရှားမှု အရှိန်မြင့်လာပြီး အင်အားသုံး အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ အမိန့်ပေးညွှန်ကြားမှုကို အရေးယူပေးဖို့ ကိုဖုန်းမော်ရဲ့အလောင်းကို မိသားစုထံ ပြန်ပေးဖို့ တောင်းဆိုလာခဲ့ကြတယ်။

အဲဒီလို တောင်းဆိုနေတဲ့ မတ် ၁၅ ရက် ညနေပိုင်းမှာ စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်နေကျောင်းသား ၁၀၀ ကျော်ကို စစ်ထောက်လှမ်းရေးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြတယ်။

စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့သတင်းကြောင့် မတ် ၁၆ ရက် နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ စက်မှုတက္ကသိုလ်ကို ချီတက်ခဲ့ကြရာမှ ပြည်လမ်း၊ အင်းလျားကန်ပေါင်အရောက်မှာ လုံ/ထိန်းရဲနဲ့ စစ်တပ်နှစ်ဖက်ညှပ်ပြီး လုံ/ထိန်းရဲအဖွဲ့ရဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရတယ်။ စစ်တပ်နဲ့ လုံ/ ထိန်းတို့ရဲ့ အကြမ်းဖက်ရိုက်နှက်သတ်ဖြတ်မှုကြောင့် ကျောင်းသားကျောင်းသူတို့ရဲ့ သွေးဟာ တံတားဖြူကို သွေးနီရောင်တွေ စွန်းထင်းဖုံးလွှမ်းသွားခဲ့တယ်။ ဒါကြောင့်လည်း “တံတားဖြူ” ကို “တံတားနီ” လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ နေ့စဉ်အကြမ်းဖက်ဖမ်းဆီးခံနေရတဲ့ သတင်းတွေကြောင့် မတ် ၁၇ ရက် ရန်ကုန်တက္ကသိုလ်အပန်းဖြေစခန်း (RC) ရှေ့မှာ ကျောင်းသားအင်အား ၁၀၀၀ နီးပါး ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြတယ်။

အဲဒီနေ့မှာလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ လုံ/ထိန်းရဲတပ်ဖွဲ့ဝင်တွေ အင်အားအပြည့်ဝင်ရောက်လာပြီး ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင် သီးသန့်ထောင်ထဲ ပို့ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ သေဆုံးရ၊ အဖမ်းခံကြရတဲ့အပေါ် အထက်တန်းကျောင်း သားတွေအပါအဝင် ပြည်သူလူထုကလည်း မခံမရပ်နိုင် ဖြစ်လာကြတယ်။

ငွေစက္ကူဖျက်သိမ်းတဲ့ကိစ္စအပါအဝင် ပြည်သူတိုင်းရဲ့ စီးပွားရေးနိမ့်ကျလာရတာကြောင့် အစိုးရအပေါ် နာကြည်းစိတ်များနေတဲ့ ရန်ကုန်မြို့က လုပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေ ပေါင်းစည်းပြီး မတ် ၁၈ ရက်မှာ ရန်ကုန်မြို့လယ်အထိ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာ အဓိကရုဏ်းပုံသဏ္ဌာန်ဖြစ်လာပြီး လုံ/ထိန်းရဲ တပ်ဖွဲ့က ကျောင်းသားနဲ့ ပြည်သူ ၁၀၀၀ ကျော်ကို အင်းစိန်ထောင်ထဲ ဖမ်းခေါ်သွားခဲ့ကြတယ်။

အဲဒီလို ဖမ်းခေါ်သွားခံရသူတွေထဲက လူ ၄၂ ဦးဟာ ကားပေါ်မှာတင် သေဆုံးခဲ့ရတယ်။ အစိုးရကလည်း အဲဒီညမှာပဲ ရန်ကုန်မြို့တွင်း ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ပြီး တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်လိုက်တယ်လို့ ကြေညာခဲ့တယ်။

ဖြစ်ပွားခဲ့တဲ့ မတ်လအရေးအခင်းကိစ္စနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၈၀၀ ကျော် ကျောင်းထုတ်ခံခဲ့ရတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာလည်း ကျောင်းသားကျောင်းသူ ၁၄၁ ယောက်ဟာ ပုဒ်မ ၁၀ (က) နဲ့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

အဲဒီအတွက် မကျေနပ်ကြတဲ့ ကျောင်း သားကျောင်းသူတွေ ရန်ကုန်တက္ကသိုလ် ကျောင်းပြန်ဖွင့်တဲ့ ဇွန်လမှာ ရန်ကုန်တက္က သိုလ်ထဲမှာ သပိတ်စခန်းဖွင့်ပြီး ကျောင်းသား တွေပြန်လွှတ်ပေးဖို့ ဟောပြောတောင်းဆို လာခဲ့ကြတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့ ကျောင်းသားနဲ့ကျောင်းသူ ထောင်သောင်းချီပြီး တောင်းဆိုကြပေမယ့် အစိုးရဘက်က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အချိန်ဆွဲခဲ့တာကြောင့် အစိုးရအပေါ် ကျောင်းသားတွေရော ပြည်သူပါ ပိုပြီးစိတ်ပျက်လာခဲ့ကြတယ်။

ဇွန် ၂၁ ရက်နေ့မှာတော့ မခံမရပ်နိုင်ဖြစ်လာတဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေနဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ အတူပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကနေ ပြည်လမ်းမအတိုင်း ရန်ကုန်မြို့လယ်ဆီကို ချီတက်ဆန္ဒပြတောင်းဆိုဖို့ လာခဲ့ကြတယ်။ မြေနီကုန်းမီးပွိုင့်မရောက်ခင် အချိန်မှာတော့ လုံ/ထိန်းရဲတပ်ဖွဲ့တွေရဲ့ တားဆီးမှုကိုခံခဲ့ရပြီး အဓိကရုဏ်းဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက်စလုံးမှာ လူအသေအပျောက်တွေ ဖြစ်ခဲ့ကြရတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာ မ-ဆ-လ ပါတီက ဦးစိန်လွင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့တယ်။ ပြည်သူတစ်ရပ်လုံးက လက်မခံခဲ့ပါ။ ဇူလိုင် ၂၉ ရက်နေ့တွင် ရွှေတိဂုံစေတီအပြင်ဘက်၌ ကျောင်းသားများ ဆန္ဒပြကြပါတယ်။ ထိုရက်များအတွင်း လာမည့် သြဂုတ် ၈ ရက် (၈-၈-၈၈) တွင် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် အထွေထွေသပိတ်ကြီး ဆင်နွှဲရန်နှိုးဆော်သည့် စာရွက်စာတမ်းများကို ဖြန့်ဝေခြင်းများ ရှိလာခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ သည်လှုပ်ရှားမှုကြီး တစ်ခုလုံးကို အုန်းအုန်းကျွက်ကျွက် ပေါ်ပေါက်လာစေရန် အဓိကမောင်းနှင်သူများမှာ တက္ကသိုလ်ကျောင်းသားများပင် ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက်စ်၏ အင်တာဗျူးတစ်ခုတွင် “၁၉၈၈ လှုပ်ရှားမှုကို ဘယ်သူက ဦးဆောင်ပါတယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ လှုပ်ရှားမှုဟာ သူ့အလိုလိုပေါ်ထွက်လာပြီး ခေါင်းဆောင်မှုဟာ အကောင်အထည်သဘောထက်  လှိုင်းအရွေ့သဘောဆန်ပါတယ်။ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာပြီး အားလုံးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ သူမတူအောင် အရေးပါခဲ့ပါတယ်” လို့ ဖြေကြားထားပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ဗမာကွန်မြူနစ်ပါတီက ဦးဆောင်ပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ (ဗကပ) ၄၈၂၈ မြေအောင်လှုပ်ရှားမှု ပါတီကော်မတီဝင် ဦးတင်အောင် (အန်ကယ်ကြီး) ရဲ့ ဖြေကြားချက်ကတော့ “လူထု ပြဿနာပေါ်တိုင်းမှာ အဲဒီအဖွဲ့အစည်းတွေနဲ့တွဲပြီး လှုပ်ရှားခဲ့တာတွေ ရှိတယ်။ ရှစ်လေး လုံးအရေးတော်ပုံမှာ လုပ်ခဲ့ကြတဲ့အဖွဲ့အစည်းတွေ အားလုံးထဲမှာ ကျွန်တော်တို့က အလံတစ်လက်ပေါ့ဗျာ။ အလံတစ်လက်အနေနဲ့ပဲ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ ဗိုလ်ခင်ညွန့်ပြောသလို အရေးတော်ပုံကြီး တစ်ခုလုံးကို ဗကပ ခေါင်းဆောင်လှုပ်ရှား တယ်ဆိုတာ မဟုတ်ပါဘူး။ အစိတ်အပိုင်း တစ်ခုအနေနဲ့ပါတာတော့ ဟုတ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

အချုပ်ဆိုရလျှင် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ပတ်သက်လျှင် မင်းကိုနိုင်အမည်ဖြင့် စာများကြောင့်ဟုလည်းကောင်း၊ ဘီဘီစီ သတင်းများကြောင့်ဟုလည်းကောင်း၊ ကွန်မြူနစ် (ဗကပ) တို့၏ လှုံ့ဆော်မှုကြောင့်ဟုလည်းကောင်း ဆိုတတ်ကြသော်လည်း ထိုအချိန်က မြောက်ဥက္ကလာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာမြတ်ထူးရာဇတ်ကမူ “သာမန်လူထုအများစုမှာ တစ်ပါတီအာဏာရှင်စနစ်အား အဆုံးသတ်စေလိုသည့် ခံစားချက်ကြောင့်သာ ဖြစ်တယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။

          စာကိုး

ပဲ့တင်သံဂျာနယ်

(နှစ် ၃၀ ပြည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံမှတ်တမ်း)

Most Read

Most Recent